Thursday, December 27, 2012

ကျားဖြူပါတီသင်းလုံးကျွတ်ညီလာခံ တာချီလိတ်၌ ရှေ့အပတ်ကျင်းပမည်

0 comments
ဒီဇင်ဘာလ ၂၇

ကျားဖြူပါတီ၏ သင်းလုံးကျွတ်ညီလာခံအား သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ရှေ့အပတ်အတွင်း သုံးရက် ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်းကြားသိရပါသည်။
sndpsign-logo
“အခုကျမတို့အနယ်နယ်အရပ်ရပ်က ကျားဖြူပါတီဝင်တွေ တောင်ကြီးမြို့မှာ ဆုံကြမယ်။ ကျမလဲ တနေ့က ဘဲရောက်လာတာ။ ရန်ကန်၊ မန္တလေး၊  ကချင် စစ်ကိုင်းဘက်ကတွေကောလာတယ်။ ဒီနေ့လဲထပ် ရောက်ဦးမယ်။ ပြီးရင်အားလုံး တာချီလိတ်ကိုအတူသွားကြမယ်” - ဟု တောင်ကြီးရောက် ကျားဖြူပါတီဝင် နန်းဆိုင်က ပြောပါသည်။

ကျားဖြူပါတီ၏ သင်းလုံးကျွတ်ညီလာခံအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ဂျန္နဝါရီ ၁  ရက် မှ ၃ ရက်နေ့ အထိ ကျင်းပ မည်ဖြစ်ကြောင်းလည်းပြောပါသည်။

“အရင်နှစ်တုန်းကတော့တောင်ကြီးမှာလုပ်တယ်။ နေရာအပြောင်းအလဲလေးဖြစ်စေ ချင်တာတပိုင်း၊
 နောက်ပြီးအစည်းအဝေးကြီးဖြစ်မြောက်ဖို့ အဲဒီအပိုင်းမှာ ငွေအား လူအား ပံ့ပိုးမှု က ပိုအားကောင်း
တယ်လေ” - ဟု တောင်ကြီးရှိ ကျားဖြူလွှတ်တော်အမတ်တဦးက ပြောပါသည်။

တာချီလိတ်၌ ကျင်းပမည့်အဆိုပါ ကျားဖြူပါတီညီလာခံအား ၂၀၁၂ အတွင်း လုပ်ကိုင်ခဲ့သော လုပ်ငန်းများ အား ပြန်လည်သုံးသပ်ခြင်း၊ ၂၀၁၃ အတွက် အစီအစဉ်ချခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်း အလဲများအပြင် သျှမ်းပါတီပူးပေါင်းရေး မပူးပေါင်းရေးအတွက်လည်း အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း သံလွင်အရှေ့ခြမ်းနေ ကျားဖြူအမတ်တဦးက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ ကျားဖြူပါတီ၏ တာချီလိတ်မြို့နယ် ဥက္ကဌဒေါ်နန်းငွေမြ က“ သျှမ်းပြည်အရှေ့ပိုင်း၊ သံလွင်
အရှေ့ခြမ်းက ဒေသခံ လူထုတွေကို  အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လာအောင် ရည်ရွယ်တယ်။
 နောက်ပြီး ဒေသခံလူထုကို လွှတ်တော် အမတ်တွေ ပါတီအကြီးအကဲတွေနဲ့ ခင်မင်ရင်းနှီးစေလိုတယ်။ အဲဒီအတွက်ရည်ရွယ်ပြီးတော့ အခုအစည်းအဝေးကို တာချီလိတ်မှာကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ အစည်းအဝေးမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ ကျမ မသိရသေးပေမယ့် ကျမ တယောက်ထဲရဲ့ ဆန္ဒကတော့ သျှမ်းတွေမှာ စာတူ စကားတူ ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း သျှမ်းနိုင်ငံရေးပါတီကိုလဲ တပါတီတည်း ဖြစ်စေချင် တယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ကျားဖြူပါတီ ဗဟိုကော်မတီဝင်အများစုမှာ  ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ လာသော ပုဂ္ဂိုလ်များဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲဝင်သည့် ပါတီဖြစ်သည်။
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here