Thursday, December 6, 2012

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်

0 comments
ဒီဇင်ဘာ(၆)

 
 ယနေ့ ဒီဇင်ဘာ (၆)ရက်နေ့ နံနက် (၁၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "အချက် တွေဖြုတ်ပယ် တာမဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ "ဗုံးခွဲတဲ့ကိစ္စမှာ ပထမဆုံး မီးသတ်ပိုက်နဲ့ ဖြန်းတယ်၊ ပြီးမှ မျက်ရည်ယိုဗုံးတွေပစ်တာလို့ ရဲတပ်ဖွဲ့ကနေ ကျွန်မတို့ စုံစမ်း သိရှိရပါတယ်။ စုံစမ်းနေတဲ့အချိန်မှာ တလွဲကိစ္စတွေ ကော်မရှင်အနေနဲ့ ထုတ်ပြန်မိမှာစိုးလို့၊ လောလောဆယ်မှာ မပြော ဖြစ်သေးတာပါ" လက်ရှိ အနယ်နယ်အရပ်ရပ်တွင် ဆန္ဒပြနေကြခြင်းများနှင့်ပတ်သက်၍ "ဆန္ဒပြကြတဲ့ကိစ္စတွေမှာ ဘာကြောင့်ဆန္ဒပြကြလဲ ဆိုတာသိချင်တယ်။ ဒါမှ တိတိကျကျလုပ်ပေးလို့ရမှာပေါ့" ဟုလည်းကောင်း၊ မန္တလေးမှ သံဃာတော်များနှင့်ပတ်သက်၍ "မန္တလေးက သံဃာတော်တွေ ကိစ္စကို မနက်ဖြန်ကျရင် ကော်မရှင်အတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်မယ်၊ အားလုံးကို ပြောလို့မရသေးဘူး။ ဖြစ်ပြီးခဲ့တဲ့ကိစ္စကို တိတိကျကျပြောဖို့က အချိန်လိုသေးတယ်" ဟုလည်းကောင်း ဒေါ်အောင်ဆန်း စုကြည် က သတင်းထောက်များအားပြောကြားသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ပြင်ပပညာရှင်များနှင့်သာ ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ပြီး၊ အစိုးရနှင့်ပတ်သက်သော ပညာရှင်များနှင့် ဆွေးနွေးသွားမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ "အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်ဆိုရင် မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်"ဟု ဒေါ်အောင်ဆန်း စုကြည် ကပြောသည်။ ထို့အပြင် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးက ကြေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ "စုံစမ်း ရေးမှာ ဘယ်တော့မှ အားလုံးကျေနပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်မတို့ မြင်ရင် မြင်တဲ့အတိုင်း အဖြေကိုတင်ပြ သွားမှာပါ။ မကြေနပ်တဲ့သူကလဲရှိမယ်၊ ကြေနပ်တဲ့သူကလဲရှိမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုအားပြန်လည်ဖြေကြားပါသည်။ မီးသတ်ပိုက်နှင့်ဖြန်းခဲ့သော ရေများနှင့်ပတ်သက်၍ ကျွမ်းကျင်သူပညာရှင်များနှင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သော်လည်း ယခုအခါတွင်မူ အဆိုပါရေများအား ပြန်လည်ရယူနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်သေအထောက်အထားများနှင့် အချက်အလက်များကို တတ်နိုင်သမျှ ရှာဖွေစုံစမ်းသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု များနှင့် ပတ်သက်၍ ရရှိလာမည့် အခြေအနေများမှာ မိမိတို့နိုင်ငံသည် တရားဥပဒေစိုးမိုးရေးနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်ဖက် က ရပ်တည်ပေးနိုင်မှုအပေါ်တွင်သာ အဓိကကျကြောင်း၊ ယခုကိစ္စကြောင့် ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်နိုင် သည် မလှည့်နိုင်သည်မှာ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လက်ထဲတွင်မျှ မရှိကြောင်း၊ နိုင်ငံသားများ၏ လက်ထဲ တွင်သာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ "ဒီကိစ္စမှာ အားလုံးနဲ့ အပေးအယူလုပ်ရမယ်၊ ရေရှည်အကျိုးကိုမျှော်ကိုးပြီးလုပ်ရမှာပါ၊ ထုတ်ဖော်တာလဲ အမှန်အတိုင်း ထုတ်ဖော်မှာပဲ၊ မြင်ရင်မြင်တဲ့အတိုင်းပဲ ထုတ်ဖော်သွားမှာပါ"ဟု သူကပြောကြားခဲ့သည်။
 
Myanmar Local News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here