Tuesday, December 4, 2012

တောင်ငူ မြတ်စောညီနောင် ဘုရားမှ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ခိုးသူများ ဖမ်းဆီးရမိ

0 comments
ဒီဇင်ဘာ(၄)


တောင်ငူ မြတ်စောညီနောင် ဘုရားမှ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ခိုးသူများ ဖမ်းဆီးရမိ

တောင်ငူမြို့ အရှေ့ (၈)မိုင် အကွာတွင် တည်ရှိသော ရှေးဟောင်း သမိုင်းဝင် မြတ်စောညီနောင်  ဘုရားဝင်း ရွှေဟင်္သာ စေတီရင်ပြင် တနင်္လာ ထောင့်ရှိ အချင်း ၂ ပေ၊အမြင့် ၃ ပေ၊ ထု ၂ လက်မခွဲ အလေးချိန် ပိဿာ ၈ဝ ခန့် ကာလတန်ဖိုး  ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ   ကြေးခေါင်းလောင်းကြီး ပျောက်ဆုံး သွားကြောင်း  မြတ်စောညီနောင် ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်က  ထုံးဘို ရဲစခန်းသို့ နိုဝင်ဘာ၂၈ ရက်  တိုင်တန်းချက် အရ ထုံးဘို ရဲစခန်းမှ ပုဒ်မ ၃၇၉ အရ အမှုဖွင့်ပြီး ထုံးဘို ရဲစခန်းမှ အမှုစစ် ဒုတိယ ရဲအုပ် စောထင်လင်း၊ ဒုတိယ ရဲအုပ် ဟန်ထွန်းအောင်၊ ဒုတိယ ရဲအုပ် ထွန်းထွန်းမင်းနှင့် ဒိုးသောင် ရဲကင်းမှူး  ဒုတိယ ရဲအုပ် မောင်ဇော်တို့ ပူးပေါင်း အဖွဲ့မှ စုံစမ်း ဖော်ထုတ်ချက် အရ နိုဝင်ဘာ ၂၉ ရက်က တရားခံ လေးဦး တို့အား ဖမ်းဆီး ရမိခဲ့သည်။
ခေါင်းလောင်း ခိုးယူသူ တရားခံ များမှာ ဇော်မင်းနိုင် ၃၅ နှစ်(ဘ)ဦးကျော်ဝင်း၊ စောမြတ်မင်း ၃ဝ နှစ်(ဘ)ဦးချစ်လှိုင်၊ မမိရွှေ ၂၉ နှစ်(ဘ)ဦးကျော်ဆန်း၊ မငယ် ၂၈ နှစ်(ဘ) ဦးကျော်ဆန်းဝင်း ကြို့ကုန်းရွာ ချောင်းဝအုပ်စု ထန်းတပင် မြို့နယ် နေသူ တို့အား ၎င်းတို့ ခိုးယူရာတွင်   အသုံးပြုခဲ့သည့် တရုတ်လုပ် GLM ဆိုင်ကယ်နှင့် အတူ ဖမ်းဆီး ရမိခဲ့ သည်။

၎င်းတို့၏ ဖော်ထုတ်ချက် အရ ငွေကျပ် ၂၅၆ဝဝဝဖြင့် ရောင်းချခဲ့သည် ဆိုသော ကြေးခေါင်းလောင်း ကြီးကို ဝယ်ယူခဲ့သည့် တောင်ငူမြို့ (၁၆)ရပ်ကွက် နံပါတ် (၁)လမ်းနှင့် ကန်လမ်းထောင့်ရှိ ဦးမောင်စိန် ၆၅ နှစ်(ဘ) ဦးစလယ်ရာ၏ သံတို သံစ အဟောင်းဆိုင်မှ ပြန်လည် သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကြည်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းတို့၏ အနီးကပ် ကြီးကြပ် ကွပ်ကဲမှုကြောင့် တရားခံ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦးတို့အား ခိုးရာပါ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ကြီးနှင့် အတူ ၂၄ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here