Tuesday, January 22, 2013

ရန်ကုန်မြို့ ၇ နေရာတွင် ယာဉ်ရပ်နားရန် နေရာများ တိုးချဲ့မည်

0 comments


ရန်ကုန်မြို့ အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကျော ပိတ်ဆို့နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)
ယာဉ်ကြောပိတ်ဆို့မှု များသည့် မြို့နယ်များရှိ နေရာ ၇ နေရာတွင် အခမဲ့ ယာဉ်ရပ်နားရန် နေရာများတိုးချဲ့ ပြုလုပ်ပေးသွားမည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတားဌာနမှ ဒု ဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးစည်သူလွင် “အခုတော့ ၇ နေရာပဲ လုပ်နေသေးတာ။ လမ်းတွေချဲ့နေတယ်။ ၂၀၁၄ ခုနစ် ဧပြီလမှာတော့ ရန်ကုန်တမြို့လုံးမှာ အခမဲ့ လုပ်သွားမယ်။ ဒါပေမယ့် တနေကုန်၊ တညလုံး ရပ်နားပြီး ကျောက်ချအိပ်မယ်ဆိုရင်တော့ စည်းတခုတော့ ထားရမှာပေါ့” ဟု ဆိုသည်။
အဆိုပါ အခမဲ့ ယာဉ်ရပ်နားစခန်းများကို ရန်ကုန်မြို့ အထက်ကြည်မြင်တိုင်လမ်း (ဟံသာဝတီလမ်းမှ ဗားကရာလမ်းအထိ)၊ ဗိုလ်ချုပ်လမ်း (ဗိုလ်တထောင် ဘုရားလမ်းမှ လမ်းသစ်လမ်း အထိ)၊ ရေကျော်လမ်း၊ ကမ်းနားလမ်း (ထော်လီကွေ့မှ ရာဇာဓိရာဇ်လမ်း အထိ)၊ အထက်ပန်းဆိုးတန်းလမ်း (ဗိုလ်မင်းခေါင်လမ်းနှင့် အောင်ဆန်းကွင်းကြား)၊ ဗိုလ်တထောင် ဘုရားလမ်း (ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းကြား)၊ ကုန်သည်လမ်း (ပန်းဆိုးတန်းလမ်းနှင့် သိမ်ဖြူလမ်းကြား) တို့တွင် အဓိကထား ပြုလုပ်နေသည် ဟုသိရသည်။
“ယာဉ်ကြောတွေ ပိတ်တာက ယာဉ်တွေများလာလို့၊ ပြီးတော့ ကားတွေ စည်းကမ်းမရှိလို့ပါ။ ယာဉ်ရပ်ရင် နှစ်ထပ်တို့၊ သုံးထပ်တို့ ပိတ်ရပ်တယ်။ ဒဂုံ (၁) ကျောင်းရှေ့ဆိုရင် ကားတွေများပြီး ကားလမ်း အရမ်းကြပ်တယ်။ ကျောင်းကားပဲ စီးမယ်ဆိုရင် အဲဒီလောက် မကြပ်ဘူး” ဟု အငှားယာဉ်မောင်းသည့် ဦးအေးမောင်က ဆိုသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောများ တနေ့ထက်တနေ့ ပိတ်ဆို့မှု များလာသည့်အတွက် အငှားယာဉ်မောင်းများ တွက်ခြေ မကိုက်ခြင်း၊ ကားသမားများနှင့် ခရီးသည်များ အချိန်ကုန်ခြင်းနှင့် ကားသမားတချို့ စည်းကမ်းပျက်စွာ မောင်းနှင်းမှုကို သက်ဆိုင်ရာက အရေးယူခြင်းများ ပြုလုပ်သင့်သည်ဟု ဦးအေးမောင်က ပြောသည်။
“အခမဲ့ ရပ်နားခွင့်ပေးထားရင် လမ်းပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မယ်လို့ မထင်ဘူး။ ကားတွေ စည်းမရှိ မောင်းမယ်၊ ပြီးတော့ စည်းမရှိ ရပ်နေမယ်ဆိုရင်တော့ ကားလမ်းပိတ်ဦးမယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် သွားလာမှု ခက်ခဲနေသည်ကို အများပြည်သူက ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်နေရာတွင် ယာဉ်ရပ်နားခြင်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်းတို့ လုပ်ပါက ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးလှအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ယာဉ်ကြောတွေ ပိတ်ဆို့မှုတွေများတဲ့ ပွိုင့်တွေမှာ ယာဉ်ထိန်းအင်အားတွေ တိုးချပေးနေပါတယ်။ အဲဒီလို ချပေးရင်တော့ လမ်းပိတ်ဆို့မှုတွေ နည်းသွားမယ်လို့ ထင်ပါတယ်။ စည်းကမ်းမချိုးဖောက်အောင် တလတော့ ပညာပေးသွားမယ်” ဟု ဦးလှအောင်က ဆိုသည်။
ယာဉ်ထိန်းရဲ အင်အားတပ်ဖွဲ့များ တိုးချဲ့ထားသကဲ့သို့ မြို့နယ်အလိုက်ရှိ လမ်းဆုံလမ်းခွများတွင်လည်း ယာဉ်ထိန်းရဲများ ချထားကြောင်း၊ ယာဉ်ထိန်းရဲများ၏ လာဘ်စားမှုများကို တွေ့ရှိပါက တိုင်ကြားကြရန်နှင့် မသမာမှုများကို တွေ့ရှိလျှင်လည်း အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့်ရှိသည့် ဌာနဆိုင်ရာများမှာ၂ ခုသာရှိကြောင်း ယာဉ်ထိန်း ဒု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး သာဌေးက ဆိုသည်။
“ယာဉ်ထိန်းရဲတွေက စည်းကမ်းချိုးဖောက်တဲ့ ကားတွေ၊ လိုင်းကားတွေကိုပိုက်ဆံတောင်းနေတာ တွေ့မြငရင်ပြော
ကြပါ။
 မော်တော်ဆိုင်ကယ်များ စီးနင်းသည်ကို တွေ့ရှိလျှင်လည်း တိုင်ကြားရန်” ဟု ရဲမှူး သာဌေးက ပြောသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here