Tuesday, February 26, 2013

"မြန်မာ့အရေးဆွေးနွေးမယ့် ကုလအစည်းအဝေးစတင်"

0 comments
ဖေဖော်ဝါရီ(၂၆)


 
 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်း အဝေးကို မနေ့က စတင်ခဲ့ပါတယ်။ ရက်သတ္တပတ်လေးပတ်ကြာမြင့်မယ့် အဲဒီအစည်းအဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာ နဲ့ အီရန် နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း၊အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေရဲ့ အရေး ဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်းပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ အာဏာပိုင် တွေ အနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှု ဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့၊ ဒါဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးသလို၊ နောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်မှာလည်းဖြစ်ကြောင်း Mr. Quintana က တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ Quintana ဟာ ဒီလအစောပိုင်းက မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့ပါတယ်။

မနေ့က စတင်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်းအဝေး ပထမနေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ၊ အစီအစဉ်ရှိရှိကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအကြောင်း အစီရင်ခံချက်တွေရရှိနေပေမဲ့၊ လုံခြုံရေး ကောင်စီ အနေနဲ့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

သီတင်းပတ်လေးပတ်ကြာမြင့်မယ့် အဲဒီစည်းဝေးပွဲ မှာ နိုင်ငံအလိုက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အသေးစိတ်အစီရင်ခံစာတွေအပေါ် ထောင့်ပေါင်းစုံကနေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here