Saturday, February 9, 2013

ရှမ်းနဲ့ ကယားပြည်နယ် နှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေး

0 comments
ဖေဖော်ဝါရီ(၉)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နှစ်ခုကြား ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး အကြိုတွေ့ဆုံပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဦးဆောင်ပြီး ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ မနက် ၉ နာရီခွဲက ကျင်းပခဲ့ပါတယ်။
Photo: RFA/Kyaw Myo Tun
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံပွဲပုံ
လက်ရှိအချိန်ဟာ ပြည်ထောင်စုရဲ့ကံကြမ္မာကို ဖန်တီးရမယ့်အချိန် ဖြစ်နေတာကြောင့် တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ MTA ရွှေပြည်အေးအဖွဲ့၊ မတ်ကျန်းပြည်သူ့စစ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရှမ်းပြည်မျိုးဆက်အင်အားစု၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဓနုစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပအို့ဝ်ဥပဒေ လူမှုကူညီရေးအသင်း၊ Pa-O Youth Organization နဲ့ ပေါင်းကူး(ရှမ်း- မကွေးအဖွဲ့)တို့ အပါအဝင် ဒေသခံလူမှုရေး အသင်းအဖွဲ့တွေက ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားအမြင် စာတမ်းတွေကို ဖတ်ကြားခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲဟာ လာမယ့်မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကျင်းပမယ့် ရှမ်းပြည်နယ်၊ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here