Saturday, February 9, 2013

လားရှိုးမြို့အ၀င်၌ မူးယစ်ဆေး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

0 comments
ဖေဖော်ဝါရီ(၉)
လားရှိုးမြို့အ၀င်တစ်နေရာ
လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သင်းအောင် ဦးစီးအဖွဲ့မှ လားရှိုးမြို့အ၀င်၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိရေး ပိတ်ဆို့ တားဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ဟိုပိတ်အေရှားဝေါလ်တိုးဂိတ်တွင်  မူးယစ်ဆေးဝါးရှာဖွေ စစ်ဆေးမှု ပြုလုပ်စဉ် သိန္ဓီမှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ဖိုးဝှီးအစိမ်းရောင် ယာဉ်အား ရပ်တန့်စေရန် တားဆီးခဲ့ရာ ရပ်မပေးဘဲ အရှိန်တင်  မောင်းနှင်ထွက်ပြေးခဲ့သည့်အတွက်  မူးယစ် ရဲတပ်ဖွဲ့ဝင်များမှ ၎င်းယာဉ်နောက်မှ ဗင်ကားဖြင့် လိုက်လံ ဖမ်းဆီးခဲ့ပြီး လားရှိုး မြို့ အဝင် အေတီ တံတား မရောက်မီ ပိတ်ဆို့ တားဆီးရှာဖွေရန် ကျော်တက်စဉ် ဖိုးဝှီးအစိမ်းရောင်ယာဉ်မှ ဗင်ကား အား ဝင်တိုက်ပြီး ယာဉ်ပေါ်ပါသူများမှာ ကားပေါ်မှဆင်း‌ပြေးရန် အားထုတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လုံးထွေး ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးစဉ် ရဲတပ်ကြပ်ဝင်းထွန်း  ကိုင်ဆောင်သည့် M-22 သေနတ်အား ရန်ယုံအန်း (၅၀)နှစ် ကိုးကန့်/ဗုဒ္ဓ ၊ ဂျာယန်ကျေး ရွာ   လားရှိုးမြို့နယ်နေသူမှ  လုယူခဲ့ကြောင်း ရန်ယုံအန်း လုယူသော သေနတ်အား ပြန်လည်လုံးထွေးလုယူစဉ် ၎င်းသေနတ် ကျည်ထွက်၍ ရဲတပ်သား ညီညီလွင် ၏ ယာဘက်ကျောမှ ကျည်(၁)တောင့် ပေါက်ဝင်ပြီး ယာဘက်ရင်အုံမှ ဖောက်ထွက် ဒဏ်ရာ(၁)ချက် ရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံးကြီးသို့ တင်ပို့ဆေးကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်အား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူများမှာ ရန်ယုံအန်း (၅၀)နှစ် ကိုးကန့်/ဗုဒ္ဓ ၊ ဂျာယန်ကျေးရွာ လားရှိုးမြို့နယ်နေသူ ၊   ရန်လုံရှင်း (ခ) ကျော်နိုင်ဦး  (၁၈)နှစ်၊ (ဘ) ဦးရန်စီဟုန်း၊ ကိုးကန့်/ဗုဒ္ဓု ၊ နယ်မြေ(၆)၊ ရပ်ကွက် (၁၂)၊ လားရှိုးမြို့နေသူ ၊ နိုင်စိုးလင်း (ခ) ရန်ကျားဖူ (၁၉)နှစ်၊(ဘ) ဦးရန်လောက်တာ ၊ ကိုးကန့်/ဗုဒ္ဓ ဂျာယန်ကျေးရွာ ၊ လားရှိုးမြို့နယ်နေသူ တို့ (၃)ဦး ဖြစ်ပြီး ယာဉ်၏စက်ခန်းအဲယားကလင်တာအတွင်းမှ စိတ်ကြွဆေးပြား (၉၄၅)ပြား ( တန်ဖိုး ငွေကျပ် ၁၈ သိန်း ၉ သောင်းခန့်)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယာဉ်မောင်း နိုင်စိုးလင်း၏ ထွက်ဆိုအစစ်ခံချက်အရ ၎င်းတို့၏ယာဉ်အား မောင်းနှင် ထွက်‌ပြေးစဉ် အေတီတံတားသို့ မရောက်မီ ရန်ယုံအန်း  မှ မူးယစ်ဆေးဝါး ပါရှိသည့် အထုပ်(၁) ထုပ်အား လမ်းဘေးသို့ လွှင့်ပစ်ခဲ့ကြောင်း  သိရှိရသဖြင့် ဒုရဲအုပ် စောခိုင် ဦးစီးအဖွဲ့မှ သွားရောက် ရှာဖွေခဲ့ရာ မူဆယ်-လားရှိုးသွားလမ်းမပေါ် မြတ်ဖူးပွင့်ကုန်စုံဆိုင် နှင့် မျက်နှာချင်းဆိုင် လမ်းမကြီးဘေး ခြုံစပ် အနီးတွင် ကြွပ်ကြွပ်အိတ်အဖြူရောင်ဖြင့် ထုပ်ထားသည့် အဖုံးပါ ပလတ်စတစ် အဖြူရောင်ဘူး အတွင်း ဘိန်းဖြူ မှုန့် (၈)ဂရမ်ခန့် ( ခန့်မှန်းတန်ဖိုး ၁၄၄၀၀၀ိ/-)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းကိုလည်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ရန်ယုံအန်း ၊ ရန်လုံရှင်း (ခ)ကျော်နိုင်ဦး နှင့် ရန်ကျားဖူ (ခ) နိုင်စိုးလင်း တို့ (၃)ဦးအား လားရှိုးအမှတ်(၂)ရဲစခန်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ မယ (ပ)၂၂/၂၀၁၃ ၊ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း ၊ ရဲတပ်သား ညီညီလွင် သေဆုံးမှု နှင့် ပတ်သက်၍ (ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၅၃/၃၀၂/၃၄ ဖြင့်‌ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မြမခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here