သံလွင်မြစ်အတွင်း တရားမ၀င်ရွှေတူးနေသော စက်လှေများ
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ ကာလိမြို့နယ်ခွဲအတွင်းရှိ
သံလွင်မြစ်အတွင်းတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ယွက်ဆစ်အဖွဲ့မှ ရွှေမှောင်ခိုသမားများနှင့်
ပူးပေါင်းကာတရားမ၀င် ရွှေတူးဖော်နေ ကြောင်း သိရသည်။
“ရွှေလာတူးနေတဲ့အဖွဲ့တွေကို ဦးဆောင်တဲ့သူက မိုင်းပြင်းမြို့က
ဦးရန်ဝင်းကျော်လို့ သိရပါတယ်။ တာဆိုင်းကူးတို့ ဆိပ်နားမှာ “ဖွေးဖွေးထိုက်” ကုမ္ပဏီနာမည်နဲ့
ရုံးဆောက်ပြီး တရားဝင်ကုမ္ပဏီပုံစံ မျိုးနဲ့ ရွှေတူးနေတာပါ။ ရွှေတူးနေတဲ့သူတွေနေတဲ့ အဆောက်အအုံတွေကို
ယွက်ဆစ်အဖွဲ့မှ လက်နက် ကိုင်(၂၀)ဦး လောက်က လုံခြုံရေးလုပ်ပေးတယ်။ ရွှေတူးတဲ့ စက်လှေ
အစီး(၆၀)လောက်ရှိတယ်။ ကျွန်တော်တို့ ရွာသားတွေ အဲဒီဘက်ကိုသွားရင် ယွက်စစ်အဖွဲ့က ပြန်လွှတ်တယ်။
ရွှေတူးတဲ့အဖွဲ့တွေနဲ့ ယွက်ဆစ် အဖွဲ့က လုခြုံရေးလုပ်နေတဲ့သူတွေအတွက် ရိက္ခာတွေကို ကျွန်တော်တို့ရွာတွေကနေ
လာလာ ၀ယ်တယ်။ စပြီး ရွှေတူးတာတော့ ဇန်န၀ါရီလ တတိယအပတ်လောက်က ဖြစ်မယ်” လို့ ကာလိမြို့ခွဲအတွင်း မှာရှိတဲ့
နားပွဲ ကျေးရွာမှ ဈေးသည်တစ်ဦးက ပြောပြသည်။
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့သည်
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် လူသစ်အဓမ္မစုဆောင်းခြင်း၊
မူးယစ်ဆေးဝါးရောင်းဝယ် စိုက် ပျိုးခြင်းနှင့် တရားမ၀င် သစ်လုပ်ငန်း၊ ရွှေ လုပ်ငန်းတို့အပြင်
လက်နက်မှောင်ခိုလုပ်ငန်းများကိုပါ ပိုမို လုပ်ဆောင် လာခဲ့သည်။
ယွတ်ဆစ်အဖွဲ့သည် ယခုကဲ့သို့ မှောင်ခိုစီးပွားရေးလုပ်ငန်းရှင်များနှင့်
တရားမ၀င်ရွှေတူးဖော်နေခြင်း ကို ဒေသခံများမှ သိရှိသော်လည်း အသတ်ခံရမည်စိုးသောကြောင့်
မပြောရဲ မဆိုရဲဘဲ ဖြစ်နေကြကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း
ယခုကဲ့သို့ သံလွင်မြစ်အတွင်း တရား မ၀င် ရွှေတူးနေသော တရုတ်နိုင်ငံသား (၁၈)ဦးကိုလည်း
နယ်မြေခံစစ်ကြောင်းများက ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ နယ်နှင်ဒဏ်ပေးခဲ့သည်။ ယခုရွှေတူးနေသော ယွက်ဆစ်အဖွဲ့နှင့် နယ်မြေခံစစ်ကြောင်းများ
တွေ့ဆုံတိုက်ပွဲ ဖြစ်မည် ကို ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရ သည်။