Thursday, March 28, 2013

ရှမ်း - ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို မဆိုင်သော ပယောဂများဖြင့် အဆုံးမသတ်စေချင်ပါ

0 comments


မတ်(၂၈)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ရှမ်းပြည်နယ်၊ ကယားပြည်နယ်ကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲကို မတ်(၂၀)ရက်မှ မတ်(၂၂)ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ထိုဆွေးနွေးပွဲတွင် ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင် SNLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ပြော စကားများ တွင် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သော အချက်အလက်များ ပါဝင်နေသည်။ “ပြည်ထောင်စုကနေ ခွဲထွက်လိုမှုကြောင့် မဟုတ်ဘူး၊ စစ်မှန်သော ပြည်ထောင်စု ကြီး ပေါ်ပေါက်လာဖို့၊ လူမျိုးကြီးကနေ လူမျိုးငယ်လေးတွေအပေါ်၊ အင်အားကြီးကနေ အင်အားငယ် တဲ့အုပ်စုတွေ အပေါ် နိုင်လို မင်းထက် စိတ်ထားမျိုး၊ အပေါ်စီးစိတ်ထားမျိုးမရှိတဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ်ပါတယ်” ဆိုပြီး ပြောလိုက်သော ကိုယ့်ပြောတဲ့စကား ဘယ်ရောက်မှန်း မသိသော စိုင်းလိတ်ကို ပြောပြချင်ပါသည်။

လူမျိုးကြီးဆိုသော အသုံးအနှုန်းမှာ ဗမာလူမျိုးကို ရည်ရွယ်ပြီး လူမျိုးငယ်လေးတွေဟူသော အသုံး အနှုန်းမှာ အခြားတိုင်းရင်းသားလူမျိုးများကို ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ အင်အားကြီး ကနေ အင်အားငယ်တဲ့ အုပ်စုတွေအပေါ် နိုင်လိုမင်းထက် စိတ်ထားမျိုး အပေါ်စီးစိတ်ထားမျိုး မရှိတဲ့ ပြည်ထောင်စုစစ်စစ်လို့ သုံးနှုန်း လိုက်မှုဟာ တာဝန်အရမ်းကြီးပါသည်။ မြန်မာနိုင်ငံမှာ သမိုင်းကြောင်း အစဉ်အလာအရ၊ အင်အားကြီးအုပ်စု တစ်နည်းပြောရရင် အင်အားကြီးလူမျိုးဆိုတာ မရှိခဲ့ပါဘူး။ ကချင်၊ ကယား၊ ကချင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့သော ပြည်ထောင်စုနိုင်ငံ ဖြစ်ပါသည်။

စိုင်းလိတ်က ထိုဆွေးနွေးပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ်ဆိုပြီး “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့၊ ၂၀၀၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေး ဖို့၊ မြန်မာပြည်အလယ် ပိုင်းမှာ  ဖြစ်နေတဲ့ ပြဿနာဟာ ငြိမ်းချမ်းရေးလမ်းကို ပျက်ပြားစေတဲ့အတွက်ကြောင့် Rule of Law ကိုထိခိုက်စေတဲ့ အတွက်ကြောင့် ဒီကိစ္စဖြစ်အောင် တားဆီးဖို့၊ နောက်တစ်ခုက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာရေးအတွက် ဒီဆွေးနွေးပွဲ လုပ်သင့်တယ်ထင်လို့ ကြိုးစား လုပ်ဆောင် ရတယ်” ဟု လူသိလူတတ်ကြီး လုပ်ပြီး ပြောသွားပြန်ပါသည်။

နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်တာပါပဲဟု စိုင်းလိတ်ကို ပြောချင်ပါသည်။ ရှမ်း - ကယားဆွေးနွေး ပွဲခေါင်းစဉ် အောက်မှာ ဖက်ဒရယ်ပြည်ထောင်စုခွဲထွက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေး တို့ကို ဦးတည် ဆွေးနွေးခဲ့ကြသည်။ စိုင်းလိတ်အနေနဲ့ သမိုင်း၏ တရားခံဖြစ်သွားမယ်ဆိုတာ သတိပေးလိုက်ချင်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ပြည်နယ်(၇)ပြည်နယ်၊ တိုင်း (၇)တိုင်းဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သမိုင်းကြောင်း မှာ မရှိခဲ့သလို ပစ္စုပ္ပန်နှင့် အနာဂတ်မှာလည်း ရှိစရာအကြောင်း မရှိပါ။ အဘယ်ကြောင့် ဆိုသော် ပြည်ထောင်စု ကြီးကနေ ရှမ်းကခွဲထွက်၊ ကချင်ကလည်းခွဲထွက်၊ အခြားသောပြည်နယ်တွေ လည်း ခွဲထွက်ကြမယ်ဆိုလျှင် ပြည်ထောင်စုကြီး အစိတ်အစိတ်ပြိုကွဲသွားမှာ ဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံးက လက်မခံနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ဖို့(သို့မဟုတ်) အသစ်ပြန်ရေးဖို့ဆိုတဲ့စကားကို ပြောထွက်တဲ့ စိုင်းလိတ်ခမျာ အိပ်ပျော်နေခဲ့သလား၊ ဒါမှမဟုတ် သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်းမြောက် မှန်းမသိတဲ့ သူလို့ ပြောရမလိုဖြစ်နေ ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူလူထုတပ်ရပ်လုံး၏ ထောက်ခံမဲ ၉၂ % ကျော်နဲ့ အတည်ပြုခဲ့သော ဥပဒေဖြစ်ပါသည်။ အများပြည်သူနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံထားသော ၂၀၀၈ အခြေခံဥပဒေကို ပုတ်ခတ်ပြောဆိုလိုက်တာဟာ စိုင်းလိတ် ဘာမှမသိနားမလည် သေးတဲ့ လူဖြစ်ကြောင်း ကွင်းကွင်းကြီး ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။



ရှမ်း - ကယားငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲကို မဆိုင်သော ပယောဂများဖြင့် မဆုံးမသတ်စေချင်ကြောင်း ငြိမ်းချမ်းရေးကို မြတ်နိုးသော ပြည်သူတစ်ဦးအနေဖြင့် အသိပေးလိုက်ရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here