Friday, April 5, 2013

အရှိန်ပြင်းကားတစ်စီးမှ ယာဉ်(၄)စီးကို ထပ်ဆင့်တိုက်မိရာ လူလေးဦးထိခိုက်ဒဏ်ရာရ

0 comments
ဧပြီ(၅)

မတ်လ(၄)ရက်နေ့ ည(၁၁)နာရီ(၁၀)မိနစ်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ပုံလို့လမ်းဆုံအနီးမှ မယ်ခေါင်ရပ်ကွက် မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)အရှေ့ထိ အရှိန်ပြင်းစွာမောင်းလာတဲ့ ကားတစ်စီးကယာဉ်(၄)စီးကိုထပ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အရှိန်ပြင်းစွာမောင်းလာတဲ့ Fortuner ခဲရောင်ကားတစ်စီးဟာ မောင်နှမနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို မတော်တဆ ပွတ်တိုက်မိသွားရာ ဆိုင်ကယ်မှာ လဲကျသွားပြီး ဆိုင်ကယ်အနောက်မှာ စီးနှင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦး လွှင့်ထွက်သွားရာ ပွန်းပဲ့ဒဏ်ရာ နဲ့ ညာဖက်ပေါင်ရင်း နာကျင်မှုဖြစ်သွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးမှာတော့ ခေါင်းမူးဝေနေပြီး နှာခေါင်းအတွင်းမှ သွေးများထွက်ကာ ခါးနာကျင်မှု နဲ့ ပွန်းပဲ့ ဒဏ်ရာတစ်ချို့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါကားမှာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နေရာမှာ ရပ်တန့်ခြင်းမပြုပဲ ဆက်လက်မောင်းပြေးရင်း မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)နဘေးရှိ 9 SEVEN စတိုးဆိုင်ရှေ့ အရောက်မှာ  အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးစီးနှင်းနေတဲ့ ဆိုင်ကယ်ရဲ့အနောက်ကို ၀င်မှန်တိုက်မိပြန်ပါတယ်။ ထိုသို့ တိုက်မိရင်း အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာ ရပ်တန့်ထားတဲ့ Mark-II အဖြူရောင် ကားတစ်စီးကို တိုက်မိပါတယ်။ 

နောက်တဖန် မဲခေါင်မြစ်ဟိုတယ်အတွင်းကနေ ဗိုလ်ချုပ်လမ်းမပေါ်ကို မောင်းထွက်ဖို့ စောင့်ဆိုင်းနေတဲ့ Mark-II ကားတစ်စီးကိုလည်း တိုက်မိပြန်ပါတယ်။ တိုက်မိတဲ့ ကားများမှာ အရှေ့ဖက် နဲ့ အနောက်ဘက် ကားကိုယ်ထည် ပျက်စီးမှုများရှိခဲ့ပြီး ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေမဲ့လည်း အနောက်ကနေ ၀င်တိုက်ခံရတဲ့ ဆိုင်ကယ်ပေါ် စီးနှင်းလိုက်ပါလာသူ နှစ်ဦးအနက် အမျိုးသားမှာ ညာဖက်ခြေသလုံး အရိုးကျိုးသွားခဲ့ပြီး ခြေထောက်မှာ ပွန်းပဲဒဏ်ရာများရရှိခဲ့သလို ကျန် အမျိုးသမီးမှာတော့ နဖူးနဲ့ ဦးခေါင်း၊နောက်စေ့၊တို့မှာ ဖူးယောင်နေပြီး အပေါ်ရှေ့ သွား(၁)ချောင်းကျိုးသွားကာ ညာဖက်ခြေဖနောင့်မှာ ပေါက်ပြဲဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။

အခုလို ထပ်ဆင့်တိုက်မှုဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး  "အခုလို ယာဉ်တိုက်မှုမျိုး ကျွန်တော့်အနေနဲ့ တာချီလိတ်မှာ မမြင်ဖူးသေးဘူး၊ ဆိုင်ကယ်ရော ကားရော (၄)စီးတောင် ဆင့်ကဲတိုက်မိတယ်ဆိုတော့ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာကိုး"လို့ယာဉ်တိုက်မှုဖြစ်ပွားရာနေရာရဲ့ အနီးအနားရှိ မိတ်ဆွေတစ်ဦးက ပြောလာပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို တပ်စိတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့(တာချီလိတ်)မှ ဒုရဲအုပ် ရွှေလင်း နဲ့ ယာဉ်ထိန်းတပ်ဖွဲ့တစ်ချို့အပါအ၀င် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ချို့က ဆေးဝါးကုသရန်အတွက် ပြည်သူ့ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရပါတယ်။

အရှိန်ပြင်းစွာအရမ်းမဲ့ မောင်းနှင်းသူကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here