Saturday, May 11, 2013

ဖားကန့်နယ်မှ မီးဘေးဒုက္ခသည်များ နေအိမ်ပြန်ဆောက်ရန် အကူအညီလို

0 comments

မေ ၁၁ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာရှိ မီးဘေး ဒုက္ခသည်များအတွက် ပြန်လည်နေရာချထား
ရးများ လိုအပ်လျက်ရှိသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာ က ပြောသည်။

ဧပြီလ ၂၆ ရက်နေ့က မီးကြောင့် နေအိမ် ၄၉ လုံး လောင်ကျွမ်းခဲ့ရပြီး အိုးအိမ်မဲ့များမှာ ထိုနေရာများတွင်ပင် မိုးကာတဲများထိုး၍ နေထိုင်ကြရသည်ဖြစ်ရာ မိုးရာသီ ဝင်ရောက်လာသည့်အတွက် လုံခြုံသည့် နေအိမ်များ ပြန်တည်ဆောက်ရန် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

“သူတို့ အိမ်အကွက်ထဲမှာပဲ မိုးကာနဲ့ ဖြစ်သလို နေကြတယ်။ နေအိမ်ပြန်ဆောက်ဖို့ လောလောဆယ်တော့ ဘယ်လိုမှ မရသေးဘူး။ တဖက်မှ ဝိုင်းကူညီမှ ရမယ်။ အခု မိုးလည်း ကျလာပြီ မိုးကာဆိုရင်လည်း မိုးကာ အဖြူအကြည်ဘဲ မိုးတောင် လုံလုံခြုံခြုံ မရှိဘူး။ တချို့လူများတဲ့အိမ်ဆို မိုးကာ မလုံလောက်သေးဘူး” ဟု ဒေါ်ဘောက်ဂျာ က ပြောသည်။

ယုဇန ကုမ္ပဏီ သိမ်းယူထားသော နေရာတွင် အမှိုက်မီးရှို့ခဲ့ပြီးနောက် မကြာမီ လေပြင်း တိုက်ခတ်ခဲ့၍ အဆိုပါ အမှိုက်မီးမှ ဝါရာဇွပ်ကျေးရွာရှိ နေအိမ်များ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဘောက်ဂျာ က မဇ္စျိမကို ပြောသည်။

“တောင်သူတွေဆီကနေ ယုဇနက သိမ်းယူထားတဲ့ နေရာကနေ စလောင်တာ။ အဲဒီမှာ ရွာနဲ့ ကပ်လျက်မှာ အမှိုက်တွေကို စုစုပြီး မီးရှုံ့တယ်။ အဲဒီ မီးရှို့ထားပြီးတော့ မငြှိမ်းခဲ့ဘူးထင်တယ်။ အဲဒီမှာ သစ်ပင်မှာ လောင်နေတာ။ ၂၆ ရက်နေ့ လေမုန်တိုင်း တိုက်လာတယ်။ အဲဒီ မီးခိုးလုံးတွေက မုန်တိုင်းနဲ့အတူ ရွာထဲက အိမ်တွေမှာ အစုလိုက် လောင်သွားတာ” ဟု ပြောသည်။

လောင်ကျွမ်းသွားသည့် အိမ်အများစု ပျဉ်ထောင်အိမ်များ ဖြစ်ပြီး ဒေသခံများ ပိုင်ဆိုင်သော တုံဖုံးကား၊ စပါးကြိတ်စက်၊ စပါးခြွေစက်၊ ဆိုင်ကယ်၊ စပါးကျီများ၊ ကျောင်းနှင့် ဆရာမများ နေထိုင်သော အဆောက်အအုံများ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဒုက္ခသည်များ အစားအသောက်အတွက် ဖားကန့်မြို့နယ်အတွင်းရှိ NLD၊ NDF ပါတီများနှင့် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကူညီထောက်ပံ့နေသည်ဟု ပြောသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ ယူဇန ကုမ္ပဏီက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သော် လည်း သံသယ ရှိနေသည်ဟု ဒေါ်ဘောက်ဂျာ က ပြောသည်။

“တောမီးတော့ မဟုတ်ဘူး။ အဓိက ပြောမယ်ဆိုရင် ယုဇန ရဲ့နေရာကနေ စလောင်တာပဲလေ။ သူတို့က မီးရှို့ထားတယ်။ အမှိုက်ရှို့တာ။ တကယ်တမ်းတော့ ယုဇနနဲ့ ဆိုင်တယ်။ ဒါပေမယ့် သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းတယ်” ဟု ပြောသည်။ 

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here