Friday, July 5, 2013

ရှမ်းတိုင်းရင်းသားခေါင်းဆောင်လား..???

0 comments

ဇူလိုင်လ ၅ ရက်

ကျနော်တို့မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ပင်လုံမြို့လေးကို ဇွန်လ ၂၂ ရက်နေ့က RCSS/SSA ဥက္ကဋ္ဌကြီး စဝ်ရွက်ဆစ်နဲ့အဖွဲ့ လာရောက်ခဲ့ပါတယ်၊ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဗမာစစ်တပ်ကလူကြီးတွေ၊ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် စတဲ့ပုဂ္ဂိုလ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးမှ ရောက်လာတာဖြစ်လို့ ကျနော်တို့ သျှမ်းတွေ ကတော့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြိုခဲ့ပါတယ်။ သျှမ်းပြည်နယ်ကြီးအေးချမ်းဖို့ ဥက္ကဋ္ဌကြီးတို့က ဘာတွေဆွေးနွေးခဲ့ကြသလဲ၊ သျှမ်းပြည်နယ်ကြီးအေးချမ်းဖို့ကိစ္စ ဘာတွေပြောမလဲဆိုတဲ့ အတွေး ကိုယ်စီနဲ့ပေါ့ဗျာ။

ဥက္ကဋ္ဌကြီးရောက်မယ့် ရက်မတိုင်ခင် တစ်ရက်ကြိုပြီးတော့ မြို့နယ်အသီးသီးက ကျနော်တို့သျှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဝင်တွေ၊ ကျားဖြူပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၄/၅ ယောက်လောက်က ပင်လုံမြို့ကို ကြိုရောက်နေကြပါတယ်။ ဥက္ကဋ္ဌကြီးတို့အဖွဲ့က ကားအကောင်းစားတွေ အများကြီးနဲ့ ရောက်လာ တော့ ကျနော်တို့ကြိုရောက်နေတဲ့အဖွဲ့တွေက ခမ်းခမ်းနားနားကြိုဆိုကြတာပေါ့၊ ကျန်တဲ့ဒေသခံတွေကတော့ ဥက္ကဋ္ဌကြီးကိုမမြင်ဖူးတာကြောင့် လာကြိုကြတာ လူတော်တော်များတာကို တွေ့ရပါတယ်။

ဥက္ကဋ္ဌကြီးက ပင်လုံရောက်တော့ ဗုဒ္ဓဘာသာဝင်ကောင်းပီသတယ်လို့ ရိုးရိုးသားသားတွေးထင်စရာ သံဃာတွေကို ဆွမ်းကပ်၊ ကျောင်းဆောင်တွေအတွက် ဝတ္ထုငွေလှူဒါန်းပါတယ်၊ ပြီးတော့ နေ့လည်စာ သုံးဆောင်ပြီး ဘုန်းကြီးကျောင်းထဲမှာပဲ ကျနော်တို့အဖွဲ့တွေ၊ ဒေသခံ တွေနဲ့ တွေ့ဆုံဆွေးနွေးမှာကြားပါတယ်။ ကျားဖြူပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့နဲ့ ပါတီဝင်တစ်ချို့က ကြိုပြီးညှိထားတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်၊ ဥက္ကဋ္ဌကြီးကလည်း သူသိသလောက် ပြန်လည်ရှင်းပြဆွေးနွေးပါတယ်၊ ကျနော်လည်း ဒီဆွေးနွေးပွဲမှာ ဝင်ထိုင်နေတော့ ဆွေးနွေးကြတဲ့အထဲမှာ တစ်ယောက်က သျှမ်းစစ်သား တွေမူးယစ်ဆေးဝါး စွဲနေကြောင်း၊ ရွာတွေရောက်ရင်မူးယစ်ဆေးဝါးတောင်းကြောင်း ဆွေးနွေးပါတယ်၊ ဥက္ကဋ္ဌကြီးကလည်း ပြန်မဖြေတတ် ရှင်းမပြတတ်ဘူးထင်ပါတယ်၊ ဒီအချက်ကိုဘာမှ ပြန်ရှင်းပြနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။


သူပြောတာကတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းဖို့ အတွက် SSA မှာတင် တာဝန်ရှိတာမဟုတ်ဘူး၊ အစိုးရ၊ ဗမာစစ်တပ်နဲ့ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်းသာ မဆီမဆိုင် ဖြေကြားသွားပါတယ်။ သဘော ကတော့ သျှမ်းစစ်သားတွေ မူးယစ်ဆေးဝါးစွဲနေတာ အစိုးရ၊ ဗမာစစ်တပ်နဲ့ ပြည်သူလူထုကြောင့်ပေါ့၊ ပြည်သူ တွေက မူးယစ်ဆေးဝါးပေးလို့၊ အစိုးရနဲ့ ဗမာစစ်တပ်က ဆေးဖြတ်မပေးတဲ့အတွက်ကြောင့်လို့ ယူဆနေတယ် ထင်ပါတယ်။
နောက်ထပ်ဆွေးနွေးတဲ့ပုဂ္ဂိုလ်တစ်ယောက်ကတော့ သျှမ်းပြည်နယ်က သူတစ်ပါးအုပ်ချုပ်ခံဘဝနဲ့ နေရတာ အနှစ် ၆ဝ ကျော်ပြီလို့ ပြောသွားတာကြားရပါတယ်၊ ကျနော်သမိုင်းအဓိကနဲ့ဘွဲ့ရတဲ့အထိ သင်ခဲ့ရတဲ့ စာတွေမှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်(လွန်ခဲ့တဲ့ ၆၅ နှစ်)က လွပ်လပ်ရေးရခဲ့ကြောင်း သင်ခဲ့ရပါတယ်။ အခုပုဂ္ဂိုလ် ဆွေးနွေးသလိုဆိုရင် ကျနော်တို့သျှမ်းပြည်ကြီးကို အင်္ဂလိပ်ကဘဲ ဆက်အုပ်ချုပ်နေလို့လားလို့ ကျနော် စဉ်းစားကြည့်ပါတယ်၊ ဘယ်လိုစဉ်းစား စဉ်းစား အဖြေထွက်မလာပါဘူး၊ ကျနော်ပဲ ညံ့လို့ဖြစ်မှာပါ။

နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ကတော့ သျှမ်းပြည်ဟာ ကိုယ်ပိုင်အုပ်ချူပ်ခွင့် အခွင့်အရေးရရင် ဘယ်လိုအုပ်ချုပ်ကြမလဲ၊ လူကြီးတွေက အုပ်ချုပ်မှာလား၊ လူငယ်တွေကအုပ်ချုပ်မှာလားတဲ့၊ လိုချင်တာဖြစ်ချင် တာကို စည်းလုံးမှုအားနည်းစွာနဲ့ ကြိုးစားနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အာဏာဆိုတဲ့ ကုလားထိုင်ကို မက်မောနေကြပါလား၊ အိပ်မက်တွေမက်နေကြပါလားလို့ ရိုးရိုးသားသားတွေးမိပါတယ်။
ကျနော်နဲ့ အပေါင်းအသင်းအချို့ကတော့ ဥက္ကဋ္ဌကြီးနဲ့တွေ့လို့ တင်ပြခွင့်ရရင် သျှမ်းစစ်တပ်က ဆက်ကြေးကောက်၊ ဆန်တောင်း၊ သျှမ်းစစ်သားလုပ်ဖို့လူငယ်ကို အတင်းဖမ်းခေါ်၊ လူဖမ်းပြန်ပေးဆွဲ ငွေတောင်း၊ ဘိန်းပွဲစားလုပ်နေတာတွေကို တားမြစ်ထိန်းသိမ်းပေးဖို့ ပြောချင်တာပါ၊ ဒေသခံတိုင်းရင်းသား အားလုံးရဲ့ ဆန္ဒအမှန်ပါ၊ ဒါပေမယ့် ပြောခွင့်မရလို့ မပြောခဲ့ရပါဘူး၊ ဒါကြောင့် ဒီစာရေးဖြစ်တာပါ။

နောက်တစ်ခု ကျနော်ပြောချင်တာက ဥက္ကဋ္ဌကြီးလာမယ်ဆိုလို့ ကျနော်တို့အပါအဝင် ဒေသခံအားလုံးက သျှမ်းတိုင်းရင်းသားဝတ်စုံ ကိုယ်စီဝတ်ပြီး ကြိုဆိုကြ ပါတယ်၊ ဒါပေမယ့် ဥက္ကဋ္ဌကြီးကတော့ အနောက်တိုင်း ဝတ်စုံ(လည်စီးမပါ)အကောင်းစားဝတ်လို့ ဟောင်ကောင် ရုပ်ရှင်ဇာတ်ကားတွေထဲက သူဌေးကြီးပုံစံနဲ့ လာပါတယ် ဥက္ကဋ္ဌကြီးရဲ့ကတော်ကလည်း တန်ဖိုးကြီးမားလှတဲ့ လက်ဝတ်ရတနာတွေနဲ့ တော်တော်ကြည့် ကောင်းပါ တယ်။ ငွေကြေးအလွန်အမင်းကြွယ်ဝချမ်းသာသွားတော့ ရှမ်းရိုးရာဝတ်စုံ မဝတ်ချင်တော့ဘူး ထင်ပါတယ်။

ဥက္ကဋ္ဌကြီးရဲ့အဖွဲ့မှာပါလာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အနောက်တိုင်းဝတ်စုံအနက်၊ မျက်မှန်အနက် နားကြပ်တွေ ဝတ်ဆင်/တတ်ဆင်ထားတဲ့ လူ(၁ဝ) ယောက်လောက် တွေ့ရပါတယ်။ တစ်ချို့ကလည်း နှုတ်ခမ်းမွှေးကြီးတွေက မည်းနက်နေတာပဲ၊ ဥက္ကဋ္ဌကြီးရဲ့ လုံခြုံရေး(Body Guard) တွေဖြစ်မှာပါ၊ မျက်စိကတော့ တော်တော်နောက်ဖို့ကောင်းပါတယ်၊ ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ ''ရန်ကုန်ကို အမေရိကန်သမ္မတ အိုဘားမားလာတုန်းကပါလာတဲ့ လုံခြုံရေးတွေလို ပုံစံဖမ်းထားတာကွ'' လို့ပြောပါတယ်။
ဒါကို တစ်ခြားသူငယ်ချင်းက '' နိုင်ငံခြားရုပ်ရှင်တွေထဲမှာပါတဲ့ မာဖီးယားခေါင်းဆောင်ကြီးလား?? ငါတို့`` ရှမ်းတိုင်းရင်းသားခေါင်းဆောင်လား?? '' လို့တောင် မေးခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဥက္ကဋ္ဌကြီးတို့အနေနဲ့ကျနော်တို့ သျှမ်းရိုးရာ ဝတ်စုံကိုတော့ အမြဲတမ်း မဟုတ်တောင် ယခုလိုသျှမ်းလူထုနဲ့ တွေ့ဆုံပွဲမှာ ဝတ်ဆင်သင့်တယ်လို့ ထင်မိပါတယ်။

စိုင်းလူ


စော်ဘွားလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here