သြဂုတ်လ(၁၃)ရက်
စစ်ပွဲများကြောင့် ကချင်ပြည်နယ်တွင် ကျောက်စိမ်း တူးဖော်ခွင့် ရပ်နားထား သဖြင့် ကုန်ကြမ်း ရှားနေခဲ့ရာမှ မန္တလေးမြို့တော် ကျောက်စိမ်း ဈေးကွက်သို့ သြဂုတ် လဆန်းပိုင်းမှ စတင်၍ ၁၀ရက်အတွင်း ကျောက်စိမ်း ကားစီးရေ တစ်ရာနီးပါးခန့် ဝင်ရောက်မှု ရှိကြောင်း မန္တလေးမြို့တော် ကျောက်စိမ်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ယင်းကဲ့သို့ ကျောက်စိမ်း ကယ်ရီကားများ အလုံးအရင်းဖြင့် ဝင်ရောက်နေသော်လည်း ကျောက်စိမ်းဈေး ကျဆင်းခြင်း မရှိကြောင်း၊ မိုးရာသီကာလ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအရ လာမည့် သုံးလ အတွင်း ကျောက်စိမ်း ကုန်ကြမ်း ဝင်ရောက်နိုင်ဖွယ် မရှိတော့ကြောင်း ကျောက်စိမ်း ကုန်သည် အချို့က သုံးသပ် ပြောကြားသည်။
“ကုန်ကြမ်း ပေါလာတော့ အရောင်းအဝယ် ဖြစ်နေတာတော့ အမှန်ပဲ။ ဈေးကွက်ထဲမှာ တရုတ်က ကုန်သည်တွေလည်း အရင်လကထက် ပိုများလာတယ်။ လက်ကောက်၊ လွှာချပ်တွေလည်း ပိုအရောင်းအဝယ် ကောင်းလာတယ်”ဟု ကျောက်စိမ်း လက်ကောက် ကုန်သည် ဦးဆယ်သန်းက ဆိုသည်။
ကျောက်စိမ်း လက်ကောက် တစ်ကွင်းလျှင် ၅၀၀၀ ကျပ်မှ ၁၀ သိန်းကျပ် ကြား တန်ဖိုးရှိသည်များ အရောင်းအဝယ် သွက်ပြီး လက်ကောက်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီနယ်စပ်သို့ တင်ပို့ ရောင်းချမှု များလာကြောင်း ၎င်းက ပြောကြားသည်။
“နေပြည်တော်ကနေလည်း ကျောက်ဈေးကို အမြင့်ဆုံးဈေး ပေးပြီး ဝယ်လာ ရတာ ဆိုတော့ ဈေးကွက်ထဲ ပစ္စည်းဈေး ကျကို မကျဘူး။ အရောင်းအဝယ် မဖြစ်မနေ လုပ်တဲ့သူလောက်ပဲ ဝယ်နေကြတာ” ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး အကျိုးဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
ကုန်ကြမ်း ရှားပါးသော်လည်း တရုတ် ကုန်သည်များတွင် ယခင်က ဝယ်ယူ ထားသည့် ကျောက်စိမ်းများ ရှိနေသဖြင့် ဈေးထပ်မံ မြင့်တက်နိုင်ဖွယ် မရှိကြောင်း ၎င်းက ဆိုသည်။
The Voice Weekly