Friday, September 13, 2013

လုပ်သက်ရင့် ပြည်သူ့ဝန်ထမ်းများကို မြေကွက်ပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အရေးဆို

0 comments
အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်အထက် ၀န်ထမ်းများကိုအစိုးရက အနံပေ ၄၀၊ အလျားပေ ၆၀ ရှိသည့် မြေကွက်များ ဖော်ထုတ်ပေးရန် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ကမာရွတ်မဲဆန္ဒနယ်မှ တိုင်းအမတ်ဦးမြငွေက အရေးဆိုလိုက်သည်။

“နိုင်ငံ့ဝန်ထမ်းဆိုတာ အစိုးရရဲ့ ညာလက်ရုံးတွေလို့ သတ်မှတ်ပြီးအားကိုးလို့ရတဲ့ ၀န်ထမ်းတွေဖြစ်ပါတယ်။ ၀န်ထမ်းများ ပင်စင်ယူသွားတဲ့အခါ နေ၀င်ချိန်ဘ၀နောင်ရေး ရင်အေးစေဖို့အတွက် ပေ ၄၀ x ပေ ၆၀ မြေကွက်တွေ စီမံဖော်ထုတ်ပေးသင့်ပါကြောင်း” ဦးမြငွေက လွှတ်တော်တွင် တင်ပြခဲ့သည်။

အိမ်စောင့်အစိုးရလက်ထက်မှ စစ်အစိုးရ လက်ထက်အထိ ပြည်သူ့ဝန်ထမ်းများကို မြေကွက်များပေးသည့် အစဉ်အလာများ ရှိခဲ့သဖြင့် လက်ရှိအစိုးရလက်ထက်တွင်လည်း ပြန်လုပ်ပေးရန် ဦးမြငွေက လွှတ်တော်တွင် မေးခွန်းထုတ်ကာ အရေးဆိုရခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ထိုနေ့လွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စကို ရန်ကုန်တိုင်းအစိုးရဘက်မှ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့တွင် လုပ်သက်နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းတစ်ဦးက “ဒီလိုသာ မြေကွက်လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ၀န်ထမ်းလုပ်စားရတာ မြေကွက်လည်း ၀ယ်ဖို့မလွယ်ဘူးလေ” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၏ တိုင်းအမတ် ဒေါ်စန်းစန်းမြင့်ကလည်း “ပေးမယ်ဆို ရင်တော့ ၀န်ထမ်းတွေအတွက် ကောင်းတာပေါ့လေ။ ဒါပေမဲ့ မြေသိမ်းတဲ့ကိစ္စတွေကို ပြန်တောင်းနေကြတဲ့ အချိန်ဆိုတော့ ပေးမယ်လို့တော့ အန်တီမထင်ဘူး” ဟု မှတ်ချက်ပြုသည်။

ရန်ကုန်မြို့၏မြေဈေးနှုန်း အမေရိကန်နိုင်ငံမှ အကွက်အကွင်းကျသည့် မက်ဟက်တန်မြို့မှ မြေဈေးထက်ပင် ဈေးကြီးနေကြောင်း အမေရိကန်မှ ဘလွန်ဘာ့ဂ်ျသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

အလားတူပင် အေအက်ဖ်ပီသတင်း ဌာနကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုံတိုးလာပြီးနောက် မြေဈေးများအဆမတန် တက်လာသဖြင့် နွမ်းပါးသူများ အိုးမဲ့အိမ်မဲ့ ဖြစ်လာကြကြောင်း ဖော်ပြခဲ့ဖူးသည်။

အရပ်ဘက် ပြည်သူ့ဝန်ထမ်းများတွင် အမှုထမ်းများအနက် ရာထူးအနိမ့်ဆုံးဖြစ်သည့် အမြဲတမ်းဝန်ထမ်း မဖြစ်သေးသူသည် လစာ ၅၅,၀၀၀ ကျပ်သာရရှိပြီး၊ အမှုထမ်းများအနက် အမြင့်ဆုံးဖြစ်သည့် ရုံးအုပ်ရာထူးတွင် တာဝန်ထမ်းဆောင်သူသည် လစာကျပ် ၈၅,၀၀၀ ကျပ်ရရှိသည်။

ရန်ကုန်တိုင်းရှိ မြေဈေးများထိန်းချုပ်ရန် အစိုးရက မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်ရန် စီစဉ်နေပြီး၊ အစိုးရ၏ ထိုအစီအစဉ်သည် အခွန်စနစ်ကို စနစ်တကျ မတင်းကျပ်ဘဲ မြေဈေးကို ထိန်းချုပ်ရန် ကြိုးစားခြင်းသာ ဖြစ်သဖြင့် ဝေဖန်မှုများလည်း ရှိနေသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here