လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကအထိ မြန်မာပြည်မှာ ဒီမိုကရေစီလို့ ပြောမိရင် သေချာတယ်အနည်းဆုံး ထောင် ၇ နှစ် ပါပဲ။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မတန်ဘူးလို့ ပြောဆို နှိပ်ကွပ်မှုတွေကိုလည်း ရင်စည်းခံခဲ့ကြရပါတယ်။ ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလိုလိုပြောဆိုမှုတွေ၊ မြန်မာ့လူ့ဘောင်အတွက် ဆိုရှယ် လစ်စနစ်သာလျှင် အသင့်လျော်ဆုံးဆိုတဲ့ အတွေးအခေါ်တွေကို လူငယ်တွေခေါင်းထဲ ရိုက်သွင်းခံခဲ့ရ တာပါ။
ကျွန်မတို့ခပ်ငယ်ငယ်က သမိုင်းသင်ရိုးမှာ ပါလီမန် ဒီမိုကရေစီခေတ်ကို ရောင်စုံ သူပုန်တွေ ထတဲ့ ခေတ်၊ ပါလီမန် ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်ချောက်ထဲကျ အောင်လုပ်ခဲ့တဲ့ စနစ်၊ ဒီမိုကရေစီဆိုတာ တယောက်တပေါက် ပြောကြတဲ့ ခေတ်ရယ်လို့ သင်ကြားခဲ့ရပါတယ်။
အဲဒီ့ခေတ်က ထုတ်ဝေတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်ပန်းတိုင်ကို အထောက် အပံပြုတဲ့ စာပေတွေကိုပဲ ထုတ်ဝေခွင့်ပြု တာပါ။ ဒါကြောင့်လည်း ရှရှားဘာသာကနေ ပြန်ဆိုတဲ့စာအုပ်တွေ၊ တရုတ်ဘာ သာကနေ ပြန်ဆိုတဲ့ စာအုပ်တွေသာ အများအားဖြင့် ဖတ်ရတာပါ။ အဲဒီ့ခေတ်ကပြန်တမ်းဝင် အရာရှိတွေ မှာဖတ်ခွင့်ရှိတဲ့ Time, Newsweek စတဲ့ မဂ္ဂဇင်းတွေမှာတောင် အစိုးရရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ စာမျက်နှာ တွေ ဆုတ်ဖြဲ ခံခဲ့ရပါတယ်။ တိုင်းပြည်တစ်ခုလုံးအမှောင်ချထားခဲ့ပြီး မြန်မာအသံ ကနေ လာတဲ့ ဆိုရှယ်လစ် ရည်မှန်းချက်တွေကို မစားရဝခမန်း အိပ်မက်နေခဲ့ရပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးအတွင်းမှာတော့ ''ဒီမိုကရေစီ'' ဆိုတဲ့ အသံကို ကျယ်ကျယ် လောင်လောင် ကြားခဲ့ရပါတယ်။ ဒီမိုကရေစီဆိုတဲ့ အသံကို အာဏာရှင်တွေက မုန်းတီးတယ်၊ ဒါကြောင့်လည်း ဒီမိုကရေစီ ကို ပိတ်ပင်ဖို့ အမျိုးမျိုးကျိုးစားခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အဓိကအချက်က ပြည်သူ လူထုရဲ့ အာဏာပါ။ ပြည်သူ လူထုက သူတို့ အကျိုးကိုရှေ့ရှုမဲ့ အဖွဲ့အစည်းတွေကို မဲပေးရွေးချယ်ကြပါတယ်။ ပြည်သူတွေ ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့ဟာလည်း ပြည်သူတွေ တိုးတက်ဖွဲ့ဖြိုးလာအောင်လို့ ကျိုးပန်းရွက်ဆောင် ရပါတယ်။ အစိုးရ သက် တန်းတစ်လျှောက် ပြည်သူအတွက်မဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင် နောက်ရွေး ကောက်ပွဲမှာ ပြည်သူက အစိုးရ ဟောင်းကို ရွေးချယ်တော့ မှာမဟုတ်ပါဘူး။ အစိုးရ ဆိုတာ ပြည်သူလူထုရဲ့ခိုင်းဖတ်ပဲဖြစ်ရမှာပါ။ ပြည်သူရဲ့ အရှင်သခင်အဖြစ် ကိုယ့်ကိုကိုယ်ယူဆနေရင် အဲဒါ အစိုးရ မဟုတ်တော့ဘူးဆိုတဲ့ အယူအဆ၊ လူအားလုံး တန်းတူညီမျှရှိရမယ်၊ လူနည်းစုရဲ့ အခွင့်အရေးကို လူများစုက လေးစားလိုက် နာရမယ်ဆိုတဲ့ အတွေးအခေါ်ကို အရေးတော်ပုံနဲ့အတူ ကျွန်မတို့ သိခဲ့ရပါတယ်။
ဒီလိုနဲ့ ကျွန်မတို့မျိုးဆက်တွေဟာ တပါတီအာဏာရှင်ရဲ့ လက်အောက်ကနေ စစ်အာဏာရှင်ရဲ့ လက်အောက်ကို ရောက်ခဲ့ရပါတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး တာမဟုတ်ပေမဲ့ ကျားထက်ဆိုးတဲ့ ရှင်ကြီးရဲ့ လက်ထဲမှာ ကျွန်မတို့ပြည်သူတွေ မွဲပြာကျခဲ့ရပါတယ်။ ပြည်သူတွေ မွဲပြာကျခဲ့သလောက် စစ်အာဏာရှင်နဲ့ ပြေလည်သူတွေ၊ ဆွေတော်မျိုးတော်တွေဟာ လူချမ်း သာတွေဖြစ်ခဲ့ပြီးတော့ ပြည်သူလူထုအပေါ်ကို ထပ်မံ ဗိုလ်ကျ စိုးမိုးကြပါတယ်။
ကမ္ဘာ့ရေစီးကြောင်းအရ မြန်မာ့ နိုင်ငံရေး ပြောင်းလဲဖို့လိုအပ်လာတဲ့ အချိန်မှာ နှစ်ပေါင်း ၂ဝ ကျော်လောက် ဗိုလ်ကျစိုးမိုးလာခဲ့တဲ့ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ စီပွားရေးအင်ပါယာအတွင်းက လူတွေဟာ တကဲ့အပြောင်းအလဲကို ငြင်းဆန်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီမိုက ရေစီနိုင်ငံတော်သစ်ဆီကို သွားနေပါတယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အာဏာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို'' စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ'' စနစ်အဖြစ် တီထွင်ဖန်တီးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ စည်းကမ်းရှိပြီးသားပါ၊ ထပ်ပြီး စည်းကမ်းတွေနဲ့ ကန့်သတ်ဖို့မလိုဘူးလို့ ပြောထားပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီစနစ်ကိုလိုချင်တယ်။ အစိုးရက စစ်အာဏာရှင်တွေစိတ်ကြိုက် ဒီမိုကရေစီကို ဖန်တီးတယ်။ ဒီတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွား ထိပ်တိုက်တွေ့လာပါတယ်။ အရင်တုန်းကလိုတော့ ပွဲကြမ်းလို့မရတော့တဲ့ အခြေအနေမှာ အခြေခံဥပဒေ သုံးသပ်ရေးကော်မတီကို ဖွဲ့ပေးပါတယ်။ အဖွဲ့ဝင် ၁ဝ၉ ဦးမှာ ပြည်သူတွေယုံကြည်တဲ့ ပါတီက အမတ် ၉ ဦးပဲ ပါဝင်ပါတယ်။ NLD ပါတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လက်မလျော့ပါဘူးတဲ့။ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ဆီကို သွားဖို့အတွက် အဓိက အဟန့်အတား ဟာ ၂ဝဝ၈ အခြေခံဥပဒေပါ။ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် အဟန့်အတားလုပ်နေမယ်ဆိုရင်တော့ ၈၈ အရေးတော်ပုံထက် ပိုပြင်းထန်တဲ့ အရေးတော်ပုံတခုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တကယ်တော့ ပြည်သူအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆိုတာကို အကြီးအကျယ်ကျင်းပပေးတဲ့အပြင် ဒီမိုကရေစီနည်းကျကျ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ကျမ်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ဖို့က ပိုအရေးကြီးပါတယ်။ စစ်မှန်မှုကို အလေးပေးမှာသာလျှင် တိုင်းပြည်ရဲ့ အနာဂတ်က ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုတွေနဲ့ မဲဆွယ်စည်းရုံးတာကို မြန်မာပြည်သူတွေ နားယောင်တော့မှာ မဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေဟာ အတွေးအခေါ် ရင့်ကျက်တဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။
ခင်ငြိမ်းသစ်
Tuesday, September 17, 2013
Subscribe to:
Post Comments (Atom)