Monday, September 16, 2013

ဆေးပညာအထူးပြု ဘာသာရပ်များဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

0 comments
ပြည်တွင်း၊ ပြည်ပသမားတော်ကြီးများ ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ကြမည့် (၁၆) ကြိမ်မြောက် ဆေးပညာ အထူးပြု ဘာသာရပ်များ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပြည်လမ်း ဆေးတက္ကသိုလ် (၁) တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး (၁) ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံ သစ်ကြီး ဆေးပညာဌာန အထူးကုသမားတော် ဒေါက်တာရဲမြင့်က The Voice သို့ ပြောကြားသည်။

ယင်းနှီးနှောပွဲတွင် ဦးနှောက်နှင့် အာရုံကြော၊ အကြောအဆစ် ပြန်လည် သန်စွမ်းရေး၊ နှလုံး၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဟော်မုန်းရောဂါ ဆိုင်ရာ ပြဿနာ၊ သွေးရောဂါဆိုင်ရာ ပြဿနာနှင့် ကင်ဆာရောဂါများ အကြောင်းကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် ဆွေးနွေးပွဲတွင် ကလေးအထူးကု ဘာသာရပ်၊ ခွဲစိတ်အထူးကု ဘာသာရပ်နှင့် သားဖွားမီးယပ် အထူးကု ဘာသာရပ်များကို သက်ဆိုင်ရာ ဆွေးနွေးပွဲများတွင်သာ ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် သမားတော် ၃၀ ဦးမှ ၄၀ ဦး အထိ မွေးထုတ်ပေးလျက်ရှိရာ အဆိုပါ သမားတော်များ အရည်အသွေး မြှင့်တင်ရေးအတွက် ဆေးပညာ အထူးပြု ဘာသာရပ်များ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယင်းအပြင် ဆေးကုသမှု အခက်အခဲများ၊ ဆေးကုထုံး နည်းအသစ်များနှင့် သမားတော်များ ကြုံတွေ့ရလေ့ရှိသော ပြဿနာများကို လွယ်ကူ ထိရောက်စွာ ဖြေရှင်းပေးရန်လည်း ရည်ရွယ်ကြောင်း ပွဲကျင်းပသူများထံမှ သိရသည်။

ဆွေးနွေးမည့် ပြည်တွင်းမှ သမားတော်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများအပြင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ သမားတော်ကြီးများလည်း ပါဝင်ကြောင်း ဒေါက်တာရဲမြင့်က ဆက်လက်ပြောဆိုသည်။

ပွဲတက်ရောက်လိုသူများသည် ပြည်တွင်း ဆေးပညာ အထူးကုဆရာဝန် အဖွဲ့ဝင်ထားသော အဖွဲ့ဝင်များ ဖြစ်ပါက တစ်ဦးလျှင် နှစ်သောင်းကျပ်၊ ပြည်တွင်းဆေးပညာ သင်ကြားနေသော ဘွဲ့လွန်ကျောင်းသားများ ဖြစ်ပါက တစ်ဦးလျှင် တစ်သောင်းငါးထောင်ကျပ်၊ နိုင်ငံရပ်ခြားက တက်ရောက်သော ဆရာဝန်များ ဖြစ်ပါက တစ်ဦးလျှင် ဒေါ်လာတစ်ရာ သတ်မှတ်ထားကြောင်း၊ ပြည်တွင်း ဆေးပညာ အထူးကုဆရာဝန် အဖွဲ့ဝင် မဟုတ်သူများနှင့် ပွဲကျင်းပသည့် သုံးရက်တွင် စာရင်းသွင်းသောသူများ အတွက် တစ်ဦးလျှင် နှစ်သောင်းငါးထောင် ကျပ်တို့ပေးသွင်းရမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဆေးပညာ နှီးနှောဖလှယ်ပွဲတွင် တင်သွင်းပြထားသော ဆေးပညာကုထုံးများ၊ ဘွဲ့လွန်ကျမ်း သုတေသန စာတမ်းများကို စိစစ်ရေးအဖွဲ့က ရွေးချယ်ကာ သုတေသန စာတမ်းသုံးစောင်နှင့် ပိုစကာဆုများ ပေးသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းနှီးနှောဖလှယ်ပွဲတွင် ပြည်တွင်း၊ ပြည်ပက ဆေးကုမ္ပဏီများက ဆေးဝါးနှင့် ဆေးကိရိယာ ပစ္စည်းများကို ပြသမည်ဖြစ်ပြီး၊ ပြခန်းပေါင်း ၅၀ ခန့် ပြသရန် စာရင်းပေးသွင်းထားကြောင်း ဒေါက်တာရဲမြင့်က ပြောကြားသည်။

ဆေးပညာ အထူးပြု ဘာသာရပ်များဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂ နှစ်တွင် တစ်ကြိမ် ကလေးအထူးကု ဘာသာရပ်များနှင့် လူကြီးဆေးပညာ ဘာသာရပ်များ စုပေါင်းဆွေးနွေးလေ့ ရှိသော်လည်း၊ ၂၀၁၃ တွင် ကလေးအထူးကု ဘာသာရပ်သည် ကျယ်ပြန့်လာသည့်အတွက် လူကြီးဆေးပညာ ဘာသာရပ်များကိုသာ သီးသန့် ဆွေးနွေးမည်ဖြစ်ပြီး ၂၀၁၄ တွင် ကလေးအထူးကု ဘာသာရပ်များကို နှီးနှောဖလှယ် သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

(ရလေး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here