သြဂုတ်လ (၁၄)ရက်၊
ရှမ်းစာပေသင်ကြားရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဆနင်း ဆရာ (၄၇)ယောက် ခေါင်းဆောင်အသက် (၅၆)အရွယ် ရှိစိုင်းသန်းငွေ(ခေါ်)စိုင်းလောင်ဝ်ဆိုင်ဟာသြဂုတ်လ၉ ရက်နေ့ မွန်းလွဲပိုင်းတုန်းက ရန်ကုန်မြို့မှာ ကွယ်လွန်သွား ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကွယ်လွန်သူ စိုင်းသန်းငွေ(ခေါ်)စိုင်းလောင်ဝ်ဆိုင်
စိုင်းသန်းငွေ (ခေါ်) စိုင်းလောဝ်ဆိုင်ဟာ ကချင်ပြည်နယ်မိုးကောင်းဇာတိဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ တက္ကသိုလ် ကျောင်းသား (၄၇)ဦးကို ဦးဆောင်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဆနင်းဒေသမှာ ရှမ်းစာသင်ကြားရေးအတွက် သွားရောက်စဉ် ဧပြီလ ၉ ရက်နေ့မှာ အစိုးရတပ်က ဖမ်းဆီးတာကို ၄၇ ဦးစလုံး ခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား (၄၇)ယောက်ကို အစိုးရတပ်က လက်ပြန်ကြိုးတုပ်ပြီး လွိုင်လွင်မြို့ကို ခေါ်ယူလာပြီးနောက် တောင်ကြီးမြို့ ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လအတန်ကြာ ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရစဉ်တုန်းက စိုင်းသန်းငွေ(ခေါ်)ဆိုင်းလောင်ဝ်ဆိုင်ဟာ အင်္ဂလိပ် ဘာသာအဓိကဖြင့် ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
၁၉၈၃ ခုနှစ်၊ ဆနင်းရွာမှာ စစ်တပ်က ကျွန်တော်တို့ကိုဖမ်းတုန်းက ပီလောင်(၀်)ဆိုင်က ကျွန်တော်တို့ရဲ့ ဟီးရိုးတစ်ယောက်ပဲ။ စစ်တပ်က လေယာဉ်ပေါ်ကနေ ကျောက်တုံးကြီးတွေ ကျဲချတာ၊ ဗုံးမဟုတ်ဘူးနော် ကျောက်တုံးတွေ၊ ရော့ကတ်နဲ့ပစ်တာကတော့ ကျွန်တော်တို့ဆရာအဖွဲ့ စုပြီးနေတဲ့အိမ် တံစက်မြိတ်ကို ကပ်ပြီးတော့ကျတာပဲ။ အဲဒီအချိန်မှာ ပီလောင်ဝ်ဆိုင်က စီးကရက်လည်းခဲပြီး ခပ်အေးအေးပဲ။ ကျွန်တော်တို့ကို တောင် မကြောက်ဖို့ပြောသေးတယ်။ စစ်တပ်က အကြမ်းနည်းနဲ့စစ်ဆေးတော့လည်း သူအများဆုံးခံရတာပဲ။ အချုပ်ထဲမှာလည်း နှစ်နဲ့ချီပြီးနေခဲ့ရတယ်။ ကျွန်တော်တို့ (၄၇)ယောက်စလုံးအစား သူခံသွားရတယ်လို့လည်း ပြောလို့ရတယ်။ အချုပ်ကလွတ်ပြီးနောက်ပိုင်း နှစ်ခေါက် သုံးခေါက်လောက် ပြန်ဆုံဖြစ်သေးတယ်။ အဲ့ဒီတုန်းက သူခံရတာနဲ့ပတ်သက်ပြီး ဘာမှပြန်မပြောဘူး။ အတော်ကိုစိတ်သဘောထားပြည်ဝတဲ့လူပါ-လို့ ဆရာ (၄၇)ယောက်ထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပြီး စိုင်းသန်းငွေ(ခေါ်)စိုင်းလောက်ဝ်ဆိုင်ရဲ့ ဈာပနကို ကိုယ်တိုင် တက်ရောက်လွမ်းသူပန်းခွေချခဲ့သူ ရှမ်းကဗျာဆရာ/ အယ်ဒီတာ ဟွန်းကာယန်းက ကော့လီကို ပြောပြပါ တယ်။
ကွယ်လွန်သူ စိုင်းသန်းငွေ(ခေါ်)စိုင်းလောင်ဝ်ဆိုင်၏ ဈာပနအခမ်းအနား (ဓါတ်ပုံ)
(၄၇)ယောက်ထဲမှာပါတဲ့ နန်းဝိုးဆိုင် ၊ စိုးဝင်းလှိုင်၊ နန်းစမ်းစမ်းမြင့်၊ နန်းလှလှအေး၊ စိုင်းမောင်တင် တို့ကလည်း သတိတရနဲ့ စိုင်းလောင်ဝ်ဆိုင်ရဲ့ ဈာပနကို ကူငွေ လေးသိန်းကျော်လောက်ထည့်ကြတယ်-လို့ စိုင်းသန်းငွေ (ခေါ်) စိုင်းလောင်ဝ်ဆိုင်ရဲ့ ဆွေးမျိုးတစ်ယောက်က ပြောပြပါတယ်။ စိုင်းသန်းငွေ(ခေါ်)စိုင်လောင်ဝ်ဆိုင်က သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ထိန်ပင် သုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ပါတယ်။
ဆနင်းရွာ ဆရာ (၄၇)ယောက် အဖမ်းခံရမှုဟာ ရှမ်းစာသင်ကြားရေးသမိုင်းမှာ အကြီးမားဆုံး ဖိနှိပ်ခံရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ရှမ်းစာသင်ကြားရေးပိုင်း နှစ်အတန်ကြာအောင် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွား စေတယ်လို့ သိရပါတယ်။
ဆနင်းရွာ ဆရာ (၄၇)ယောက်ထဲက အမျိုးသားရေး၊ နိုင်ငံရေး၊ စာပေယဉ်ကျေးမှု အပိုင်းမှာ ဆက်လက်လှုပ်ရှားကြရင်း ထင်ရှားလာသူများမှာ ရှမ်းပြည်အမျိုးသားတပ်မတော်ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းကဏ်းယွက် (ကွယ်လွန်)၊ ရန်ကုန် ရှမ်းစာ/ယဉ်အဖွဲ့ ဒုတိယ ဥက္ကဌ နန်းဝိုးဆိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်း ရေးမှူး လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်၊ ယိင်းနော်ခမ်း (တန့်ယမ်း)၊ ဆွဲ့လောင်ဝ်ခမ်းတို့ဖြစ်ကြပြီး ယခုအခါ ဆနင်းရွာဆရာ ၄၇ ယောက်ထဲမှာ ၂၀ ကျော်လောက် သက်ရှိထင်ရှား ရှိနေကြသေးတယ်လို့ သိရပါတယ်။