Tuesday, August 14, 2012

ဖြတ်သန်းခဲ့သမျှ ကိုထီးဘဝ

0 comments

အိုက်တူးဟူသောအမည်ဖြင့် ဘ၀ကိုစတင်ခဲ့သော ကိုစိုင်းထီးဆိုင်၏ အမည်ရင်းမှာ ကိုစိုင်းတင်ဦးဖြစ်ပြီး မိဘများမှာ လင်းခေးမြို့နယ်နေ အဖဦးနန္ဒာ၊ အမိဒေါ်နန်းအိမ် တို့ဖြစ်ကြလေသည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် ကိုစိုင်းထီးဆိုင်သည် အကြီးဆုံးသားဖြစ်လေသည်။ ကျန်မောင်နှမများမှာ နန်းဝန်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး နှင့် ညီဖြစ်သူ စိုင်းအောင်ထီးခမ်းတို့ဖြစ်ကြလေသည်။ တောင်ကြီး National Christian High School တွင်ပညာသင်ကြားနေစဉ်တွင် သူငယ်ချင်းဖြစ်သူ မောင်မောင်နှင့်တွေ့ဆုံကာ တောင်ကြီးယဉ်ကျေးမှုတီးဝိုင်းတွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့လေသည်။ တောင်ကြီးမြို့တွင် ကျင်းပသောရှမ်းစာပေရေးထုံးကို မူသစ်နှင့်မူဟောင်း ဘယ်မူနှင့်သင်ကြားမလဲဆိုသည်ကို အတည်ပြုရန် ညီလာခံကျင်းပခဲ့ရာ ထိုညီလာခံတွင် တေးရေးဆရာ စိုင်းခမ်းလိတ်နှင့် စတင်တွေ့ဆုံခဲ့လေသည်။ စိုင်းထီးဆိုင်ဆိုသောနာမည်ကို တောင်ကြီးမြို့၊ ရှမ်းစာဆိုတော်ဦးခွန်မဟာမှ သူတတ်ကျွမ်းသည့်နက္ခတ္တဗေဒ၊ မဟာဘုတ်ဗေဒင်တို့နှင့်တွက်ချက်ပြီး ပေးခဲ့ခြင်းဖြစ်လေသည်။ ထီးဆိုသည်မှာ ထိပ်ဖျားဖြစ်ပြီး ဆိုင်ဆိုသည်မှာ စိန်ဖြစ်သောကြောင့် ထိပ်ဖျားထက်က စိန်ကျောက်မျက်ဟုအဓိပ္ပါယ်ရလေသည်။
    ကိုစိုင်းထီးဆိုင်သည် ဆယ်တန်းအောင်သောအခါ မန္တလေးတက္ကသိုလ်တွင် စိတ်ပညာအဓိကဖြင့် ကျောင်းဆက်တက်ခဲ့သည်။ ထိုအခါ ဂီတကိုဝါသနာပါသော မိတ်ဆွေများတိုးပွားလာခဲ့လေသည်။ ထိုအထဲတွင် မောင့်လပြည့်ဝန်းကိုဖန်တီးခဲ့သူ တေးရေးဆရာကိုနေ၀င်းသည်လည်း တစ်ဦးအပါအ၀င်ဖြစ်လေသည်။ ထိုအပြင်သူငယ်ချင်းဖြစ်သူ စိုင်းခမ်းသီ၏အစ်ကိုဖြစ်သူ စိုင်းခမ်းလိတ်နှင့်လည်း ထပ်မံတွေ့ဆုံရင်းနှင်းခဲ့ကြလေသည်။ ၁၉၇၀ ပြည့်နှစ်များတွင် စိုင်းခမ်းလိတ်၊ ခွန်မျိုးလွင်၊ စောသိမ်းဝင်းတို့နှင့်အတူ The Outsider တီးဝိုင်းကိုထူထောင်ခဲ့ကြလေသည်။ ထို The Outsider အဖွဲ့၏သီဆိုတီးခတ်မှုများကြောင့်ပင် လူသိများလာခဲ့သည်။ ထို့ပြင်မန္တလေးတက္ကသိုလ်နယ်မြေတွင် လူသိများသော Band တစ်ခုဖြစ်ခဲ့လေသည်။
    ထို့ကြောင့်ပထမဆုံးသောအခွေကို အသံ Quality ကောင်းကောင်းရစေရန်ရည်ရွယ်လျက် ရန်ကုန်သို့ဆင်းလာကာ ဦးဘသိန်းစတူဒီယိုတွင် သွင်းယူခဲ့လေသည်။ သို့သော်ထိုက်သင့်သလောက် အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၇၃ ခုနှစ်သို့ရောက်သောအခါ The Outsider နှင့် စိုင်းခမ်းသီပါဝင်သော The Highlanders အဖွဲ့ တို့ပူးပေါင်းကာ သဘာဝရဲ့ရင်သွေးငယ်များဟု အဓိပ္ပါယ်ရသော The Wild Ones တေးဂီတအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြလေသည်။ ၁၉၇၅ ခုနှစ်တွင် တတိယစီးရီးဖြစ်သည့် မန္တလေးရောက်ရှမ်းတစ်ယောက် စီးရီးထွက်ရှိလာခဲ့သည်။ ထိုစီးရီးခေါင်းစဉ် ဖြစ်သည့် မန္တလေးရောက်ရှမ်းတစ်ယောက် သီချင်းမှာ လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားခဲ့သော သီချင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။
    ကိုစိုင်းထီးဆိုင်သည် ရုပ်ရှင်နှင့် ဗီဒီယိုတစ်ချို့တွင်လည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့လေသည်။ မင်းသမီးမေသန်းနုနှင့်အတူ အချစ်အတွက်မွေးဖွားခြင်း၊ မစ္ဆရိယ။ မင်းသမီးမေသဉ္ဇာဦးနှင့်အတူ မန္တလေးရောက်ရှမ်းတစ်ယောက် တို့တွင်ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ မြန်မာဘာသာဖြင့် သီချင်းတေးစီးရီ ၅၀ကျော်နှင့် ရှမ်းဘာသာဖြင့် တေးစီးရီ ၁၀ခန့် သီဆိုခဲ့လေသည်။ ကိုစိုင်းထီးဆိုင်နောက်ဆုံးထွက်ရှိခဲ့သော တေးသီချင်းအခွေမှာ ဆုန်သင်းပါရ်၊ ရတနာဦးတို့နှင့်တွဲဖက်သီဆိုထားသော ၀တ်မှုန်ခရီးဆိုသောတေးစီးရီးဖြစ်လေသည်။ကိုစိုင်းထီးဆိုင်သည် ၂၀၀၈ ခုနှစ် မတ်လ ၁၀ရက်နေ့က သူ့မိသားစုနှင့် သူချစ်သောပရိတ်သတ်များကို ခွဲခွာသွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ကိုစိုင်းထီးဆိုင်မှာ အသက် ၅၈နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်သန်းစိုး၊ သားတစ်ယောက်နှင့် သမီးနှစ်ယောက်ကျန်ရစ်ခဲ့လေသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here