ကျနော်၊ ကျမတို့ တာချီလိတ်မြို့ ၀မ်ကောင်းမြို့မ ဈေးသူဈေးသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လူကြီးမင်းများ သိစေဖို့ တိုင်ကြားတင်ပြလိုက်ပါတယ်။
အခု မြို့မဈေးကြီးကို ပြန်လည်ဆောက်လုပ်ဖို့အတွက်ဆိုပြီး ဈေးသူဈေးသားတွေ ရွေးချယ်တင်မြှောက်ထားခြင်းမရှိတဲ့ ဈေးကော်မတီလို့ အမည်ခံထားသူ ၃ ဦးဟာ စည်ပင်သာယာရေးအဖွဲ့နဲ့ပေါင်းပြီး တဆိုင်ဝင် တဆိုင်ထွက် ဈေးသူဈေးသားတွေကို အတင်းအဓမ္မ ခြိမ်းခြောက်ပြီး လက်မှတ်ရေးထိုးခိုင်းနေပါတယ်။ လက်မှတ်မထိုးပေးရင် ဆိုင်ခန်းတွေကို အချိန်မရွေး သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုနေပါတယ်။
မြို့မဈေးသစ် ပြန်လည်တည်ဆောက်ဖို့အတွက် ဈေးကော်မတီအမည်ခံ ၃ ဦး၊ ဆောက်လုပ်ရေးကုမ္ပဏီတခုနဲ့ စည်ပင်သာယာညွှန်ကြားရေးမှူးချုပ်တို့ ပူးပေါင်းပြီး ဈေးသူဈေးသားတွေကို အတင်းလက်မှတ်ထိုးခိုင်းနေပါတယ်။ ဈေးဆိုင်ခန်းတွေကိုလည်း ၁၀ ပေ ပတ်လည် ၁ ခန်းကို ဘတ်ငွေ ၁ သိန်း ၇ သောင်းကျော် ပေးသွင်းရမယ်လို့ ပြောဆိုလာတဲ့အတွက် ဈေးသူဈေးသားတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားနေရပါတယ်။
မြို့မဈေး နှစ်စဉ် ဆိုင်ခန်းခွန်တွေနဲ့ အကောက်တွေက ရရှိတဲ့
အခွန်ငွေကြေးပမာဏမှာ ကျပ် သိန်း ၁ ထောင်ခန့် ရရှိပါတယ်။ ဒါပေမယ့် ဈေးကော်မတီ အမည်ခံ ၃ ဦးနဲ့ စည်ပင်သာယာ ညွှန်ကြားရေးမှူးတို့ဟာ မြို့မဈေးကို ပြန်လည်ပြုပြင်ပေးခြင်း လုံးဝမလုပ်ပေးပါ။
ဈေးကော်မတီတွေနဲ့ စည်ပင်သာယာ ပူးပေါင်းပြီး မတရားလုပ်နေတာကို သမ္မတကြီးနဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့က အရေးယူဆောင်ရွက်ပေးဖို့ အခုလို တင်ပြလိုက်ရတာပါ။
ဈေးသူဈေးသားများ
ref: DVB