Thursday, September 12, 2013

အလုပ်လက်မဲ့ ပြဿနာနှင့် ရေရှည်အစီအမံ

0 comments

               ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက် လျှောက်ထားသူများအား တွေ့ရစဉ်


နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှိသင့် ရှိထိုက်တဲ့ အချက်တွေ အများကြီးထဲမှာ နိုင်ငံရဲ့ အလုပ်လုပ်နိုင်သူ ဦးရေဟာလည်း အရေးတကြီး ထည့်သွင်းတွက်ချက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီထက်ပို အရေးကြီးတာက အလုပ်လုပ်နိုင်သူ တွေထဲမှာ အလုပ်လက်ရှိ ဘယ်နှယောက် ရှိနေသလဲဆိုတဲ့ မေးခွန်းပါ။

အလုပ်လက်မဲ့ သုံးသန်းကျော် လေးသန်းနီးပါး

လက်ရှိမြန်မာနိုင်ငံရဲ့ အလုပ်လုပ်နိုင်သူဦးရေ၊ အလုပ်လက်ရှိ၊ လက်မဲ့စာရင်းတွေနဲ့ ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ညွှန်ကြားရေး ဦးစီးဌာနက အလုပ်သမား ညွှန်ကြားရေးမှူးချုပ်က မကြာမီက ရရှိထားတဲ့ အကြမ်းဖျင်း အချက်အလက်တွေကို သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီစာရင်းတွေအရ နိုင်ငံတစ်ဝန်း ခန့်မှန်းလူဦးရေ သန်း ၆၀ မှာ အလုပ်လုပ်နိုင်သူ ဦးရေ ၃၅ သန်း၊ ၃၆ သန်းခန့် ရှိနိုင်ပြီး အဲဒီထဲက ကိုးရာခိုင်နှုန်းဟာ အလုပ်လက်မဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာရင်းတွေအရ ဆိုရင်တော့ အလုပ်လုပ်နိုင်တဲ့ သူဖြစ်ပြီး အလုပ်မရှိတဲ့သူ ဦးရေဟာ သုံးသန်းကျော်၊ လေးသန်းနီးပါးလောက် ရှိနေနိုင်တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ အတိအကျ မဟုတ်ဘဲ အကြမ်းဖျင်း အချက်အလက်တွေလို့ ဆိုတာကြောင့် တကယ့် အလုပ်လက်မဲ့ အရေအတွက်ဟာ ဒီထက်ပိုနည်း နိုင်သလို ဒီထက်လည်း ပိုများနိုင်ပါတယ်။ အလုပ်လုပ်နိုင်သူ ဖြစ်ပြီးတော့ အလုပ်မရှိတဲ့သူ သုံးသန်းကျော်၊ လေးသန်းနီးပါးလောက် ရှိနေတာဟာ နည်းတဲ့အရေအတွက် မဟုတ်တာကြောင့် ဒီပြဿနာကို အလေးပြု အဖြေရှာကြဖို့ လိုအပ်ပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာနှင့် ဘွဲ့ရများလည်း အလုပ်မရှိ

အလုပ်လက်မဲ့တွေ ဒီလောက် အတိုင်းအတာအထိ ဘာကြောင့် ရှိနေရပါသလဲ။ ဘယ်လို အချက်တွေက အလုပ်လက်မဲ့တွေ ပေါပေါများများ ဖြစ်ပေါ်လာအောင် တွန်းအားပေးနေတာလဲ ဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ အလုပ်လက်မဲ့ ဆိုတာကတော့ ဒီနေ့ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာလည်း ရှိနေတဲ့ အရာတစ်ခုပါ။ အနည်းနဲ့ အများသာ ကွာပါတယ်။ အလုပ်လက်မဲ့ရှိတာ ပြဿနာ မဟုတ်ပေမယ့် ဖြစ်ပေါ်နေတဲ့ အလုပ်လက်မဲ့တွေ အလုပ်ရဖို့ ဘယ်လိုအစီအမံတွေ မြန်မြန်ဆန်ဆန်ချပြီး အကောင်အထည် ဖော မလဲဆိုတာ ပိုအရေးကြီးပါတယ်။ အလုပ်လက်မဲ့တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက ပြုလုပ်ခဲ့တဲ့ မြန်မာ့လုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတုန်းက အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က လုပ်သားအင်အား စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၇၀ ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိဘူးလို့ ပြောကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးဦးစိုးဝင်းကလည်း မြန်မာနိုင်ငံရှိ အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း ဘွဲ့ရများမှ ဆရာဝန်၊ အင်ဂျင်နီယာတွေအထိ ပါဝင်နေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှု အပေါ်လည်း အားမပြုနိုင်သေး

တကယ်လည်း ဒီနေ့ခေတ်မှာ အလုပ်လက်မဲ့လို့ ဆိုလိုက်ရင် ရပ်ကွက်ထဲမှာ ရွာရိုးကိုးပေါက် သွားလာနေသူတွေထက် တက္ကသိုလ်ဘွဲ့ရ အလုပ်လက်မဲ့တွေကို ပိုမြင်တွေ့ လာကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံပညာနဲ့ တက္ကသိုလ် သင်ကြားမှုတွေမှာ ၁၀ နှစ်ကျော် တက်ရောက်ခဲ့ပြီးပေမယ့် တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် ဘာအလုပ်လုပ်ရမလဲ၊ ဘွဲ့ရပြီးရင် ဘာအလုပ်လုပ်ရမလဲ ဆိုတာက လူငယ်တိုင်းကို ဦးနှောက်စားစေတဲ့ မေးခွန်းတွေပါပဲ။ ၁၀ နှစ်ကျော် စာတွေသင်ခဲ့ပေမယ့် အားထားစရာ အလုပ်တစ်ခု ရဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆရာဝန်၊ အင်ဂျင်နီယာဘွဲ့တွေ ရထားပေမယ့်လည်း အဲဒီဘွဲ့ရ အားလုံးအတွက် အလုပ်နေရာတွေကို ဒီနေ့အထိ ဖန်တီးပေးနိုင်ခြင်း မရှိသေးတာဟာလည်း သင်ထားတာကို ပြန်ပြီး အသုံးပြုနိုင်ဖို့ အားနည်းနေတဲ့ အခြေအနေပါ။ အလုပ်နေရာ ဖန်တီးပေးနိုင်မယ့် အခွင့်အလမ်း တစ်ခုအနေနဲ့ ယခုနှစ်အတွင်း စီးပွားရေးကဏ္ဍမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပေမယ့် လုပ်ငန်းအများစုဟာ လာမယ့်နှစ်ထဲမှာ လုပ်ငန်းစတင် လည်ပတ်နိုင်မယ့် အခြေအနေ ရှိနေတာကြောင့် အလုပ်ရရှိမှုနှုန်းဟာ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေအပေါ် အလုံးစုံအားထားလို့ မရသေးပါဘူး။

ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်

အလုပ်လက်မဲ့တွေအတွက် အလုပ်နေရာ ဖန်တီးနိုင်မှုအပြင် အလုပ်လုပ်နိုင်သူတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိသူတွေ များလာတာကိုလည်း အဖြေရှာကြရမှာ ဖြစ်ပါတယ်။ ပြည်ပရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင် နိုင်ရာမှာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိရင် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ လက်အောက်မှာ လစာနည်းနည်းနဲ့ ၀င်ရောက်လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ သီလ၀ါစက်မှုဇုန်လို နေရာမျိုးမှာ အလုပ်ဝင်လုပ်ဖို့ဆိုရင် နိုင်ငံတကာ စံနှုန်းရှိတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီအဖြစ်တွေက ရှောင်လွဲဖို့ ပြည်တွင်းရှိ လုပ်သားတွေဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာသင်ယူထားကြဖို့ လိုသလို အစိုးရတာဝန်ရှိသူ တွေကလည်း လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ လုပ်သားတွေ ပေါ်ထွက်လာဖို့ မူဝါဒတွေ အစီအမံတွေကို ခိုင်ခိုင်မာမာ ချမှတ်ထားကြရမှာ ဖြစ်ပါတယ်။ တစ်ပွဲထိုးဖြေရှင်းတဲ့ ပုံစံကနေ ရေရှည်အကျိုး ရှိနိုင်မယ့် အလုပ်နေရာ ဖန်တီးပေးနိုင်ဖို့နဲ့ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာတွေ ပို့ချပေးနိုင်ဖို့ အစီအမံတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်သင့်ပါတယ်။

သေးငယ်တဲ့ ပြဿနာမဟုတ်

အလုပ်လက်မဲ့ ရာခိုင်နှုန်းများနေခြင်းဟာ GDP တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့ ၀င်ငွေကို သက်ရောက်မှု ရှိသလို အခြားကိစ္စရပ် တွေကိုလည်း သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ အလုပ်လက်မဲ့ ရာခိုင်နှုန်းနဲ့ ရာဇ၀တ်မှု ဖြစ်ပွားမှုနှုန်းတွေ ဆက်စပ်မှုရှိသလို လူမှုယဉ်ကျေးမှုနှုန်း စံတွေအပေါ်ကိုလည်း သက်ရောက်မှုရှိစေပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်း အလွန်များပြား လာပါက တိုင်းပြည်ရဲ့ နိုင်ငံရေး တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ လက်ရှိပြည်တွင်းက ပြဿနာ အချို့ဟာလည်း အလုပ်လက်မဲ့ ပြဿနာနဲ့ ဆက်နွှယ်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့နှုန်း ပြဿနာကို သေးငယ်တဲ့ ပြဿနာလို့ မယူဆဘဲ အချိန်နဲ့တစ်ပြေးညီ အလျင်အမြန် ဖြေရှင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ပြဿနာရဲ့အရင်းအမြစ် ဖော်ထုတ်ဖို့လို

လက်ရှိမြန်မာနိုင်ငံလို နိုင်ငံရေး၊ စီးပွားရေးအရ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံအနေနဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းစဉ်းစားကြရာမှာ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကိုင်တွယ်တဲ့ နေရာမှာ ဆက်စပ်နေတဲ့ ကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစား ကြရမှာ ဖြစ်ပါတယ်။ ခိုးမှုတွေပေါလာလို့ သူခိုးတွေ လိုက်ဖမ်းရုံနဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့် သူခိုးတွေ ပေါလာခဲ့သလဲဆိုတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုပဲ အလုပ်လက်မဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေကြရမှာ ဖြစ်သလို ရေရှည် အစီအမံတွေကို အစိုးရ အပါအ၀င် ပုဂ္ဂလိက အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင် ဖော်ထုတ် ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

သစ်ထွဋ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here