Friday, August 17, 2012

သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၁)

0 comments

တောင်ကြီးခရီးစဉ်မှာ ကျွန်မစိတ်ကို ဆွဲဆောင်နိုင်ဆုံး နဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး နေရာတွေထဲမှာ သဘာဝ လိုဏ်ဂူဘုရား တွေလည်း ပါဝင်ပါတယ်.. ဒီလိုသဘာဝလိုဏ်ဂူမျိုးကို ကျွန်မတို့ အောက်မြန်မာပြည် ရန်ကုန်မှာ မတွေ့နိုင်ပါဘူး။
သဘာဝရဲ့ ဆန်းကြယ်တဲ့ လက်ဆောင်အဖြစ် တည်ရှိနေတဲ့ ကျောက်စည်၊ ကျောက်မောင်း၊ နတ်သမီး ကျောက်ပြင်၊ နတ်သမီး ယက္ကန်းစင်၊ နတ်သမီး ရေကန်၊ နတ်ဆေး (သို့) ဘုရားဆေး၊ မြင်းချည်တိုင်၊ ဆင်မိသားစု... အစရှိတဲ့ လိုဏ်ဂူမှာ ဖြစ်တည်နေတဲ့ ကျောက်စက် ပန်းဆွဲတွေဟာ ရင်သပ် ရှုမောဖွယ် ဖြစ်အောင် ကျွန်မအာရုံကို ဖမ်းစားနိုင်စွမ်း ရှိလှပါတယ်။ 
ကျွန်မရဲ့ တောင်ကြီးခရီးစဉ်ထဲက ရောက်ခဲ့ရတဲ့ သဘာဝ လိုဏ်ဂူဘုရားတွေကတော့ (၁) ကလောမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား၊ (၂) ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား ၊ (၃) ကလောမြို့အနီး မြင်းမထိသဘာဝ လိုဏ်ဂူဘုရား တို့ပဲ ဖြစ်ပါတယ်.. ကျွန်မ မရောက်ဖြစ်ပဲ ကျန်နေသေးတဲ့ လိုဏ်ဂူ ဘုရားတွေ ကျန်ပါသေးတယ်။
ကလောမြို့ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားကို ရောက်ခဲ့ရတာက မြင်းလှည်း မောင်းပို့ပေးတဲ့ ဘဘကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ကလောရောက်တော့ ဘယ်နေရာကို အရင်ဆုံး စပြီး လည်ရမယ်ဆိုတာ မသိပါဘူး။ တည်းတဲ့ Hotel ဘေးနားမှာ နှီးဘုရားသို့ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ကို မြင်တော့ အဲဒီ့လမ်းကနေ လမ်းလျှောက်သွားရင် နှီးဘုရားကို ရောက်လောက်မယ်ထင်ပြီး ကျွန်မနဲ့ ကျွန်မ အမျိုးသား လည်း လမ်းလျှောက်ရင်းက လမ်းမှာတွေ့တဲ့ ဦးလေးကြီး တယောက်ကို နှီးဘုရားသွားရင် ဘယ်လောက်ဝေးလဲလို့ မေးလိုက်မိပါတယ်။ ဦးလေးကြီးက လမ်းလျှောက်ရင် အဝေးကြီး လျှောက် ရမှာဖြစ်လို့ မြင်းလှည်းနဲ့သွားဖို့ အကြံပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မြင်းလှည်းငှားပြီး နှီးဘုရားလည်း ဖူးရင်း အပြန်မှာ မြင်းလှည်းသမား ဘဘကြီးက လမ်းကြုံတာနဲ့ သဘာဝ လိုဏ်ဂူ ဘုရားကို ကျွန်မတို့ ဘုရားဖူးရအောင် ရပ်ပေးတာပါ။ ကလော ရွှေဥမင် လိုဏ်ဂူတော်က ၂ ခုရှိပါတယ်။ အထက် လိုဏ်ဂူလည်း ရှိပါတယ်။ အထက်လိုဏ်ဂူ ကိုတော့ ၀င်လို့မရပါဘူး။
နောက်ထပ် ရောက်ဖြစ်တဲ့ သဘာဝ လိုဏ်ဂူဘုရားကတော့ ပင်းတယ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားပါ။ ကလောမြို့ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားနဲ့ ယှဉ်ရင်တော့ ပင်းတယ လိုဏ်ဂူက ပိုလည်း နာမည်ကြီးသလို ပိုပြီးလည်း ကြီးတယ်လို့ ကျွန်မ စိတ်ထင်မိပါတယ်။ ပင်းတယ လိုဏ်ဂူကတော့ ၀င်ပြီးရင် အထဲမှာပဲ ရှေ့ဆက်သွားလို့ မရတော့လို့ ကန့်သတ်ထားတဲ့ဂူဝ ရှိပါတယ်။ရာဇ၀င်ဆန်ဆန် ပုံပြင်ဆန်ဆန် ကြားဖူးတာကတော့ ပင်းတယ လိုဏ်ဂူဟာ ပုဂံက တ၀ ဂူနဲ့လည်း ဆက်နေတယ်လို့ ကြားဖူးပါတယ်.. လိုဏ်ဂူထဲမှာ ဘုရားဆင်းတုတော်တွေကလည်း များလှသလို ပြန်ပြုပြင်ဖို့ လှူထားတဲ့ အလှူရှင် တွေကလည်း နာမည်ကြီး ထဲကပါပဲ။ ဂူထဲမှာရှိတဲ့ ဘုရားအရေအတွက် စုစုပေါင်းကို ဘုရားသမိုင်းလိုက်ရှင်းပြပေးတဲ့ သူက ပြောပြပါတယ်။ကျွန်မ မှတ်ဥာဏ် အားနည်းလို့ မမှတ်မိတော့ပါဘူး။ ကျွန်မတို့လည်း ဘုရားတစ်ဆူလောက် ပြုပြင်ချင်လို့ ဂေါပကကို မေးတော့ ဘုရားလှူထားတဲ့ အလှူရှင်တွေက များတာဖြစ်လို့ ပြုပြင်စရာ ဘုရား မရှိတော့ပါဘူးလို့ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း အဲဒီ့အချိန်က ရန်ကုန်သာမက တောင်ကြီးမှာပါ မီးပျက်တာများလို့ ဘုရားမီးပူဇော်ဖို့ မီးစက်နှိုးရအောင် ဒီဇယ်ဆီရယ် ဘုရား တန်ဆောင်းပြုပြင်ဖို့ အတွက်ရယ် အလှူငွေ ထည့်ပြီး ပင်းတယက ပြန်လာခဲ့ရပါတယ်။
တကယ်လို့များ ပင်းတယ ကလောဘက်ကို ရောက်ဖြစ်ခဲ့ရင် ဘုရားသွားဖူးလို့ရအောင် ဒီလိုဏ်ဂူဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေအပြင် ပင်းတယလိုဏ်ဂူဝန်းကျင်က ရှုခင်းဓာတ်ပုံ တွေကိုလည်း ရှိသလောက် ဝေမျှလိုက်ရပါတော့တယ်။
(တချို့ပုံတွေက သူငယ်ချင်းမိသားစုနဲ့ အတူသွားတုန်း သူငယ်ချင်းကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတွေပါ။ အကြောင်းအရာနဲ့ ဓာတ်ပုံတွေကို ယှဉ်ပြီး ကြည့်ရှုနိုင်အောင် စုစည်း ဖော်ပြပေးလိုက်ပါတယ်။)
(၁) ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရား (ဓာတ်ပုံများ)
(၁-၁) ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရား အ၀င် မုခ်ဦးပါ။
(၁-၂) လိုဏ်ဂူဘုရားကိုအ၀င် ဂူပေါက်ပါ။
(၁-၃) ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားရဲ့ အထက် လိုဏ်ဂူတော်ပါ။ ပိတ်ထားပါတယ် ၀င်လို့မရပါဘူး။
(၂) ပင်းတယ ရွှေဥမင် သဘာဝလိုက်ဂူဘုရား (ဓာတ်ပုံများ)
(၁-၁) ပုံတွေက ဓာတ်လှေကားစီးပြီး ဂူထဲကို အသွား တန်ဆောင်းပေါ်က ရိုက်ထားတဲ့ လိုဏ်ဂူတော်ဝန်းကျင်က ရှုခင်းပုံပါ။
(၁-၂) ပင်းတယ လိုဏ်ဂူအ၀င်ဝနံရံကျောက်သားပေါ်မှာ ပြုပြင်ထားတဲ့ ဘုရားရုပ်တုတွေကို မြင်တွေ့ရမှာပါ။
(၁-၃) ပုံက လိုဏ်ဂူဘုရားထဲမှာရှိတဲ့ ပြုပြင်ပြီးသား ဘုရားရုပ်ပွားဆင်းတုတော်ပုံတွေပါ။
(၁-၄) ပင်းတယ လိုဏ်ဂူထဲမှာ ကျောက်စက်ပန်းဆွဲတွေ သဘာဝအတိုင်းဖြစ်တည်နေပုံပါ။
(၁-၅) ပင်းတယ လိုဏ်ဂူထဲမှာရှိတဲ့ ကျောက်စက်ပန်းစွဲ ပုံပါ။
(၁-၆) ပင်းတယ လိုဏ်ဂူထဲမှာရှိတဲ့ ဂူလမ်းဆုံးနေရာပါ။ ရှေ့ဆက်ဝင်ဖို့အတွက် ဂူလမ်းကြောင်း ကျဉ်းသွားလို့ ၀င်လို့မရပါဘူး။
ရန်ကုန်သူ
ref: beautyofshan

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here