Monday, August 27, 2012

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast မြန်မာနိုင်ငံ လာမည်

0 comments


ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် မြန်မာနိုင်ငံသို့ လာမည့် စက်တင်ဘာလ ၂ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသို့ မလာရောက်မီ ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့် သောကြာနေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံမှ စီးပွားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အာဆီယံသည် ကနေဒါနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများစာရင်းတွင် ခုနစ်နေရာတွင် တည်ရှိနေပြီး နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိကြောင်း သိရသည်။
ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast ၏ အရှေ့တောင်အာရှနိုင်ငံများခရီးစဉ်မှာ သြဂုတ်လ ၂၆ ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ကနေဒါနိုင်ငံက ဆိုင်းငံ့လိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ဧပြီလ (၂၄)ရက်နေ့က ပြောကြားခဲ့သည်။ ဆိုင်ငံ့လိုက်သော အရေးယူပိတ်ဆို့မှုများတွင် ပို့ကုန် သွင်းကုန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုများ ပါဝင်ပြီး လက်နက်တင်ပို့ ရောင်းချမှုနှင့် စစ်ရေးဆိုင်ရာ နည်းပညာများအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်သည်။
ထိုကဲ့သို့ အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီ ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို အသိအမှတ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကနေဒါနိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့မှုသည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းရက်ပိုင်းအတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ref: ELEVEN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here