အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ခေတ်ပြိုင်အနုပညာကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အာရှနိုင်ငံပေါင်း ကိုးနိုင်ငံမှ ပူးပေါင်းပါဝင်ခဲ့ကြသည့် အာရှအနုပညာ နှီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါ အနုပညာနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံမှ New Zero Art Space မှ ဦးဆောင်ပြုလုပ် ခြင်းဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ အနုပညာရှင်များက ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။ Southeast Asia Art အနုပညာ နှီးနှောဖလှယ်ပွဲကို နှစ်ပိုင်းခွဲ၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအဖြစ် ဇူလိုင်လ၂၇ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှ ပန်းချီပြခန်းပိုင်ရှင်များ၊ ပြခန်းကိုယ်စားလှယ်များ၊ အနုပညာ လက်ရာစုဆောင်းသူများနှင့် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပြတိုက်စီမံခန့်ခွဲသူများဖြင့် တွေ့ဆုံခြင်းနှင့် ဒုတိယပိုင်း အစီအစဉ်အဖြစ် ခေတ်ပြိုင်အနုပညာပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
''ဒီအရှေ့တောင်အာရှ အနုပညာ နှီးနှောဖလှယ်ပွဲဟာ ဒီနေ့ခေတ် အနုပညာရှင်တွေရဲ့ အတွေ့အကြုံတွေအပေါ် အရင်းတည်တဲ့ဖောက်ထွက်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပြပွဲတွေ၊ ဆွေးနွေးပွဲတွေကနေ မြန်မာနိုင်ငံက အနုပညာရှင်တွေ အာရှအနုပညာနယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊ အနုပညာဖန်တီးမှုတွေကို နိုင်ငံတကာကို သိစေဖို့ ရည်ရွယ်ပြီး ဒီပွဲကိုလုပ်ဖြစ်တာပါ။ အခုက အရှေ့တောင်အာရှကိုစပြီး ကွန်ရက်တစ်ခုလို ချိတ်ဆက်ဖို့ ကြိုးစားတာပါ'' ဟု New Zero ArtSpace မှကိုအေးကိုက ပြောပြခဲ့သည်။
Southeast Asia Art အနုပညာ နှီးနှောဖလှယ်ပွဲ ဒုတိယပိုင်းအဖြစ် သြဂုတ်လ ၂၀ရက်နေ့မှ ၂၅ ရက်နေ့အထိ မြန်မာအနုပညာရှင် ၄၇ဦးနှင့် အာရှနိုင်ငံရှစ်နိုင်ငံမှ အနုပညာရှင်ရှစ်ဦးတို့၏ မော်ဒန်ပန်းချီကားများ၊ performance Art ၊ Installation Art များနှင့် photo Art များကို ပြသထားကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံမှ Artist Ms. Dayang Yraola က ''အပြင်မှာ ဖြစ်ပျက်နေတာကို မကြည့်ခင် ကိုယ့်အဖွဲ့အစည်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အရင်သုံးသပ်ပါ။ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအနုပညာ ကြွယ်ဝသလောက် ဒါတွေကို ဘယ်လိုထိန်း သိမ်းပြုပြင်မလဲဆိုတဲ့အပေါ်မှာ စွမ်းရည်မြှင့်တင်ဖို့ အားစိုက်ရပါမယ်။ ကိုယ်ပိုင်မူကို တည်ဆောက်ရပါမယ်။ နိုင်ငံရပ်ခြားက ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေး၊ ပညာရေးနဲ့ ထင်မြင်ချက် စတာတွေကို အမြဲလေ့လာနေပြီး ကိုယ့်ထဲမှာ ဘယ်လိုလုပ်မလဲဆိုတာကို ကြံဆသင့်ပါတယ်'' ဟု အကြံပြုပြောပြခဲ့သည်။
Ref: Weekly Eleven
Monday, August 27, 2012
Subscribe to:
Post Comments (Atom)
