Tuesday, September 11, 2012

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

0 comments


အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ် သွားမည် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ ယခုလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများကို အင်တာနက်စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဘက်က အင်တာနက်ကို တာဝန်ယူရမှာပါ။ ထို့အတူ ခင်ဗျားတို့ကလည်း အင်တာနက်ပေါ်ကနေ outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားမှအပ်တဲ့ လုပ်ငန်းများကို လုပ်ကြပါ။ ကျွန်တော်တို့ဘက်က ချို့ယွင်းရင် လျော်မယ်။ စာချုပ်ပါ။ ဒါကလုပ်ငန်းသဘောပေါ့။ ဒီဘက်က ချို့ယွင်းတဲ့ လူက လျော်ကြေးပဲ။ ကျွန်တော်တို့ဘက်က ခင်ဗျားတို့ဆီက အင်တာနက် ငှားရမ်းခဆိုပြီး ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာကို Good Service ပေးရမှာပေါ့။ အဲဒီအတွက် လျော်ပါ့မယ်။ ဒါနဲ့ ပတ်သက်ပြီး Outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လုပ် ကိုင်ပေးကြပါ လို့ ပြောချင် ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။ မြန်မာနိုင်ငံသည် အင်တာနက်စနစ်ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ခြင်း မရှိသည့်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာဆိုင်ရာ Outsource လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုနိုင်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းမှုကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ပါက ပြည်ပနိုင်ငံများသို့ လျော်ကြေးငွေများ ပြန်လည်ပေး အပ်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Outsource လုပ်ငန်း ကြီးကြီးမားမားများကို ပြည်တွင်း၌ ယနေ့အချိန်အထိ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုကြဘဲ သေးငယ်သည့် လုပ်ငန်းအနည်းငယ်ကို လုပ်ကိုင်ဆောင်ရွက်နေပြီး ကြီးမားသည့် Outsource လုပ်ငန်းများကို လုပ်ကိုင်လိုပါက ပြည်ပသို့ သွားရောက်လုပ်ကိုင်လေ့ ရှိကြကြောင်း ပြည်တွင်းအိုင်စီတီ စီးပွားရေးလုပ်ငန်းရှင် များက ဆိုကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here