Thursday, September 27, 2012

ရှမ်းမြောက်တွင် ဈေးချိုသော တရုတ်ကြက်ဥ၀င်ရောက်မှုများ၍ ပြည်တွင်းကြက်ဥဈေးကျဆင်း

0 comments
တရုတ်နိုင်ငံမှကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ၀င်ရောက်လာမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးကုန်ဈေးကွက်၌ ပြည်တွင်း ကြက်ဥဈေးကျဆင်းနေကြောင်းသိရသည်။

အဆိုပါ တရုတ်ကြက်ဥများမှာ စက်တင်ဘာလဆန်းမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသထွက် ဥစားကြက်ဥထက် အရွယ်အစားသေးငယ်သော်လည်း အရသာတူညီကြောင်း သိရသည်။

ယခင်တရုတ်ကြက်ဥဈေးကွက်အတွင်း မ၀င်ရောက်မီက ဒေသထွက် ပြည်တွင်းကြက်ဥဈေးမှာ တစ်လုံးလျှင် ကျပ် (၈၅)ကျပ်ဝန်း ကျင် ရှိခဲ့ရာမှ ယခု စက်တင်ဘာလ(၂၀)ရက်နောက်ပိုင်းတွင် (၇၂)ကျပ်အထိ ဈေးကျဆင်းလာခြင်းဖြစ်သည်။

"တရုတ်ကြက်ဥတွေက ဒေသထွက်မွေးမြူရေးကြက်ဥထက် အလုံးသေးတယ် ဈေးကလည်း အရမ်းချိုတယ်၊ စားသုံးသူတွေကလည်း ဈေးသက်သာတာပဲကြည့်တော့ ဒီကကြက်ဥတွေဈေး လိုက်ချပေးတာတောင် တရုတ်ကြက်ဥကို ရောင်းအားမမှီဘူး"ဟု တံခွန် စုပေါင်း မွေးမြူရေးဇုန်မှ ဥစားကြက်မွေးမြူသူတစ်ဦးက ပြောသည်။

တရုတ်ကြက်ဥမှာ တစ်လုံးလျှင် (၅၅)ကျပ်ဝန်းကျင်သာဈေးရှိသည့်အတွက် စားသုံးမှုများနေခြင်းဖြစ် ကြောင်းကိုလည်း သိရသည်။

တရုတ်ကြက်ဥများမှာ ဒေသထွက်ကြက်ဥများထက် အလုံးသေးသော်လည်း ကြက်ဥအရသာမှာတူညီပြီး ဈေးနှုန်းများစွာ သက်သာ ခြင်းကြောင့် ဒေသထွက်ကြက်ဥများမှာ ရောင်းအားလျှော့နည်းသွားရခြင်း ဖြစ်သည်ဟု ကျောက်မဲမြို့ရှိ ညနေဈေးတွင် ကြက်ဥ ရောင်းသူ မဆွေဆွေက ပြောသည်။

''ပုံမှန်ဆို စားသောက်ဆိုင်တွေက ဒေသထွက် ကြက်ဥ၀ယ်ကြပေမဲ့ အခုဈေးသက်သာတာကိုပဲ ၀ယ်နေကြတာဆိုတော့ ဒေသ ထွက်မွေးမြူရေးကြက်ဥက မရောင်းရတော့ဘူး၊ ဈေးကလည်း တရုတ် ကြက်ဥလောက် မလျှော့ပေးနိုင်တော့ ရောင်းအားက အရမ်းကျသွားတယ်''ဟု မဆွေဆွေက ပြောသည်။

၂၀၁၂ ခုနှစ် သြဂုတ်လထိဒေသထွက်ကြက်ဥမှာ အလုံး(၃၀)၀န်းကျင်ပါ တစ်ပိဿာလျှင်(၂၁၀၀)၀န်းကျင်အထိရှိနေပြီး တရုတ် ကြက်ဥများ စတင်ဝင်ရောက်လာပြီးနောက်ပိုင်းတွင် တစ်ပိဿာလျှင် (၁၈၀၀) ထိဈေးကျသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ရောင်းအားလျှော့နည်းနေဆဲပင်ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်တစ်ခုဖြစ်သော မူဆယ်ကျယ်ဂေါင်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ တရုတ်နိုင်ငံမှ ကြက်ဥများဈေးနှုန်း ချိုသာစွာဖြင့် ၀င်ရောက်လာခြင်းကြောင့် ဒေသထွက်မွေးမြူရေး ကြက်ဥများမှာအရောင်းပါးပြီး ဈေးကျသွားရခြင်းဖြစ်သည်ဟု ဥစား ကြက်မွေးမြူရေး နှင့်ဆက်စပ် လုပ်ငန်းလုပ်ကိုင်သူများ ကပြောသည်။

ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် ကြက်ဥအားပိဿာနှင့်ဈေးဖြတ်လေ့ရှိကြောင်းကိုလည်း ဒေသခံဈေးသည်တို့က ဆိုသည်။

Ref: မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here