Friday, September 28, 2012

ပြည်နယ်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲအတွက် နယ်စပ်သျှမ်းစာ/ယဉ်အဖွဲ့လေ့ကျင့်

0 comments
တတိယအကြိမ် မိုးတွင်းကာလ သျှမ်းစာပေသင်တန်းကို သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ မြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကဦးဆောင် ကျင်းပခဲ့ပြီးနောက်ပိုင်း အစိုးရဖိတ်ခေါ်လာသော သက်ဆိုင်ရာပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲဝင်ရန် လေ့ကျင့်မှု ပြုလုပ်နေကြ ကြောင်း ဒေသခံလူငယ်များကပြောသည်။
SLCA_Numkhamနမ့်ခမ်းမြို့ မိုးတွင်းကာလသျှမ်းစာပေသင်တန်း(ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
 
“ဩဂတ်စ်လ ၆ ရက်က သျှမ်းစာပေသင်တန်းစတင်ခဲ့ပြီး အခုလ ၁၀ နေ့က ပြီးသွားပြီ။ မိုးတွင်းကာလ သင်တန်းပေါ့နော်။ ဒီနှစ်ဆိုရင် တတိယအကြိမ်မြောက်ပါပြီ။ သင်တန်းသား ၁၀၀ အပြည့်ရှိတယ်။ ၁၅ နှစ်နဲ့အထက် လူငယ်တွေပါဘဲ။
သင်တန်းဆရာက ၇ ယောက်ရှိတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ပြောပါသည်။

သင်တန်းကို အခြေခံနှင့် အထက်တန်းဟူ၍ ၂ ဆင့်ခွဲထားကြောင်း၊ သမိုင်းဘာသာရပ်နှင့် လူမှုအသိုင်း အဝိုင်းကြား ပြောဆိုဝင်ဆန့်သွားလာနိုင်မည့် လူမှုရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးကြောင်း၊ သင်တန်းကာလအတွင်း တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးမှုအကနှင့် ရိုးရာခေါင်းပေါင်း ပေါင်းနည်းလည်း သင်ကြားပေးကြောင်း ဆို၏။

တဖက်၌လည်း အစိုးရက ဖိတ်ခေါ်လာသော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲ၌ အက ဖြင့် ဝင်ရောက်ယဉ်ပြိုင်နိုင်ရန်အတွက် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးများက ကြိုးပမ်း အားထုတ် လေ့ကျင့်လျက်ရှိကြောင်း သိရှိရပါသည်။

“ဒီလ ၂၉ ရက်နေ့တုန်းက မူဆယ်မှာ အကသွားပြိုင်တာ ပထမ ရခဲ့တယ်။ ဒါက ခရိုင်အဆင့်ပေါ့။ သျှမ်းပြည်မြောက်ပိုင်းအဆင့်အနေနဲ့ လားရှိုးမှာ သွားပြိုင်ရအုံးမယ်။ လားရှိုးမှာ အနိုင်ရရင်တော့ ပြည်နယ်အဆင့်အနေနဲ့ တောင်ကြီးမှာ သွားပြိုင်ရမယ်” လို့ သျှမ်းစာ/ယဉ်အဖွဲ့မှ လူငယ်တစ်ဦးက ပြောပါသည်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယခုနှစ်တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် မြန်မာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲမှစ၍ ပြည်နယ်အသီးသီးတွင် ရှိကြသော ပြည်နယ် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲများကို သက်ဆိုင်ရာ ပြည်နယ်အလိုက် တိုးချဲ့ထည့်သွင်း ယှဉ်ပြိုင်သွာမည်ဟု ဩဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသည့် ပြိုင်ပွဲကျင်းပရေး အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း အစိုးရပိုင် သတင်းစာ၌ ဖော်ပြထားသည်။  

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here