လားရှိုး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်ခွဲ၊
အုမ္မစွမ်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်အုန်းဟာ စက်တင်ဘာလ (၁၀)
ရက်ညပိုင်းတွင် ရှမ်းလူမျိုးလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်
အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်သွားခြင်း ခံခဲ့ပါတယ်။ ၄င်းအဖွဲ့မှာ ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် SSA
(ရွက်ဆစ်)အဖွဲ့မှ စေလွှတ်လိုက်တဲ့အဖွဲ့ဖြစ်တယ်လို့ မျက်မြင်တွေ့မြင်သူ ရွာသားများကပြောပါတယ်။
သူတို့အားလုံးဟာ လူလေးဆယ်လောက်ပါရှိပြီး
လက်နက်ကိုယ်စီနဲ့ ရွာထဲကို ညအချိန်မှာ ၀င်ရောက်လာတာဖြစ်ပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်ဦးကျော်အုန်းရဲ့
အိမ်ပတ်လည်မှာ ည(၈)နာရီကျော်လောက်ကတည်းကထဲက နေရာယူထားပြီး ဦးကျော်အုန်းကို
အိမ်အပြင် ထွက်လာဖို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ အိမ်ထဲက ထွက်မလာရင်
တစ်ရွာလုံးကိုမီးရှိုပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ဦးကျော်အုန်းဟာ
အိမ်အပြင်ကို ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အသင့်စောင့်ဆိုင်းနေတဲ့
ရှမ်းလက်နက်ကိုင်အဖွဲ့တွေက ၀ိုင်းပတ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်အုန်းနဲ့အတူ
သူတို့မိသားစုလေးဦးလုံး တစ်ယောက်မကျန် အသတ်ခံခဲ့ရပါတယ်။
ရွက်ဆစ်အဖွဲ့များမှာ ဦးကျော်အုန်းရဲ့တစ်အိမ်လုံးကို ၀င်ရောက်ရှာဖွေပြီး သေနတ်နဲ့ ငွေ သိန်း(၂၀)ကို
ယူသွားခဲ့ပါတယ်။ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေ ချက်ချင်းပြန်လည် စုစည်းပြီး
တိုက်ခိုက်ခဲ့ တာကြောင့် SSA အဖွဲ့ ရွာရဲ့အရှေ့ဘက်ကို ဆုတ်ခွာသွားခဲ့ကြပါတယ်။
SSA လက်နက်ကိုင်အဖွဲ့မှာ
လူအင်အား(၄၀)ကျော်ပါရှိပြီး လက်နက်ချင်း မမျှပေမယ့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေရဲ့ စွန့်စွန့်စားစားတိုက်ခိုက်မှုကြောင့်
ပြန်လည်ဆုတ်ခွာသွားတယ်ဖြစ်တယ်လို့ ပြည်သူ့စစ် တပ်ဖွဲ့ ၀င်တစ်ဦးကပြောဆိုပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့
အစိုးရတပ်တွေရှိနေတဲ့နေရာ အလှမ်းဝေးနေတာကြောင့် SSA အဖွဲ့က ခုလိုမျိုး
အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်သွားခြင်း ဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် SSA (ရွက်ဆစ်)
အဖွဲ့အနေနဲ့ အစိုးရတပ်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ကိုင်ထားတဲ့ အပေါ်မှာ အခွင့်
ကောင်းယူပြီးကျေးရွာတွေမှာရှိနေတဲ့ သူတွေအပေါ်လက်နက်အားကိုးနဲ့ အနိုင်ကျင့် နေခြင်း
ဖြစ်ပါတယ်။
