လားရှိုး စက်တင်ဘာ ၂၈
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့ နောင်မွန်ကျေးရွာ အနီး ဘန်နားကျေးရွာနားမှာ SSPP/SSA(၀မ်ဟိုင်း)အဖွဲ့က
သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ(၃)ဦးနဲ့
ထော်လာဂျီယာဉ်တစ်စီးအပါအ၀င် မူးယစ်ဆေးဝါးတွေ ထည့်ထားတဲ့ မြွေရေခွံအိတ် (၈) အိတ်လို့
သိရပါတယ်။
SSPP/SSA(၀မ်ဟိုင်း) အဖွဲ့တွေက ဟန်နားရွာနားမှာ
မူးယစ်ဆေးဝါးအိတ်(၈)အိတ်ကို ထော်လာဂျီ ပေါ် တင်ဖို့လုပ်နေတုန်း ဆင်ကျော့ပြည်သူ့စစ်တွေက
ဖမ်းလိုက်တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပစ္စည်းတွေကိုတော့ နောင်မွန်ရဲစခန်းမှာ
အပ်နှံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖမ်းလိုက်တဲ့နေ့မှာပဲ SSPP/SSA (၀မ်ဟိုင်း)အဖွဲ့က
စုအိန္ဒာခေါင်းဆောင်တဲ့ အင်အား ၅၀ လောက်က ပြည်သူ့စစ်တွေနေတဲ့ ဟန်နားရွာကိုရောက်လာပြီး
သူတို့ဆီကအဖမ်းခံ ထားရတဲ့လူတွေနဲ့မူးယစ်ဆေးဝါးတွေ ပြန်ပေးဖို့ တောင်းဆို ခဲ့တယ်လို့
သိရပါတယ်။ ပြန်မပေးရင် ဟန်နားရွာမှာရှိတဲ့ ပြည်သူ့စစ်တွေကို အင်အားသုံး တိုက်ခိုက်သွားပြီး ရွာကိုမီးရှို့မယ်လို့
ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီနောက်မှာ ဖမ်းဆီးထားတဲ့သူတွေနဲ့ အလဲအလှယ်လုပ်ဖို့
ရွာသားတစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
SSPP/SSA(၀မ်ဟိုင်း) အဖွဲ့ဟာ အစိုးရနဲ့
ငြိမ်းချမ်းရေးယူဖို့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ပြည်နယ်/ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးယူနေတဲ့
အချိန်မှာ SSPP/SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ တရားမ၀င် မူးယစ်ဆေးဝါးတွေကို လုပ်ကိုင်နေတဲ့အပြင်
တိုင်းရင်းသားတွေကို ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် နောင်မွန်ရွာအနီးက ရွာတွေအပါအ၀င်
ပတ်ဝန်းကျင်ရွာတွေကပါ SSPP/SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ လုပ်ရပ်တွေကိုကြောက်နေရကြောင်းသိရပါတယ်။
ငြိမ်းချမ်းရေး ဆိုပြီး ပြောနေပေမယ့်လည်း
မထင်ရင်မထင် သလိုလုပ်တတ်တဲ့ SSPP/SSA(၀မ်ဟိုင်း) အဖွဲ့ရဲ့ ခေါင်းဆောင်တွေကြောင့် ရိုးသားအေးဆေးတဲ့
တိုင်းရင်းသားတွေခမျာ အရင်ကလို စီးပွားရေးတွေ လည်း လွတ်လပ်စွာ လုပ်ကိုင်လို့ မရတော့ဘူးလို့
သိရပါတယ်။
