Friday, September 28, 2012

အစိုးရနှင့် UNFC ဒီဇင်ဘာတွင် တွေ့ဆုံရန်ရှိ

0 comments
 ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ(UNFC) နှင့် အစိုးရ၏ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းတို့လာမည့်ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် တွေ့ဆုံရန်ရှိသည်ဟု UNFC ကပြောသည်။

“ကချင်မှာစစ်ပွဲတွေကြောင့် ဒုက္ခသည်တွေများလာနေတာတွေ အပစ်အခတ်ရပ်စဲဖို့ ကိစ္စတွေနိုင်ငံရေးဆွေးနွေးပွဲ မူဘောင်(၆)ချက်ကိုဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်” ဟု UNFC မှ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာက ပြောသည်။


နှစ်ပေါင်း(၆၀)အတွင်း တိုင်းရင်းသားအဖွဲ့နှင့် အစိုးရကြားစစ်ရေးတိုက်ခိုက်မှုသာ ရှိခဲ့ခြင်းဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းမှုမရ ရှိသေးခြင်းကြောင့် UNFC အနေဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်ဦးအောင်မင်းနှင့် နိုင်ငံရေးဆွေးနွေးရန်လိုလားရခြင်း   ဖြစ်သည်ဟု ၄င်းကဆိုသည်။

 “စစ်တိုက်လာတာ နှစ်(၆၀)ကျော်ပြီ ဘယ်သူ့ကိုမှ အပြတ်မနိုင်ဘူးအဲ့နည်းလမ်းဆက်လျှောက်ရင် တို့နိုင်ငံတွေ ပိုပြီးမွဲပြီးပိုဒုက္ခရောက်မယ်။ နိုင်ငံရေးအရဆွေးနွေးတာကိုပဲ လိုလားတယ်။ “ ဟုနိုင်ဟံသာက ဆက်ပြောသည်။

စက်တင်ဘာလ ဒုတိယပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သောတိုင်းရင်းသားများ ညီလာခံတွင် ဒုတိယ ပင်လုံညီလာခံကျင်းပရေးအပါအ၀င်နိုင်ငံရေးဆွေးပွဲမူဘောင် (၆)ချက်ကို ချမှတ်ခဲ့ပြီး အစိုးရအဖွဲ့နှင့်တွေ့ဆုံ ရာတွင် ယင်းအချက်များကို တင်ပြသွားမည်ဟု၎င်းက ဆိုသည်။

အစိုးရနှင့် UNFCအဖွဲ့တို့သည် တွေ့ဆုံမည့် နေ့ရက်နှင့် နေရာအတိအကျကိုမူမသတ်မှတ်ရသေးကြောင်း UNFCက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စု    ပေါ်ပေါက်ရေး လုပ်ဆောင်ရန်UNFCကို၂၀၁၁ခုနှစ် ဖေဖော်ဝါရီတွင် စတင်ဖွဲ့စည်းခဲ့သည်။

ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ UNFC တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)ကချင်ပြည်လွတ်လပ် ရေး အဖွဲ့(KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ တို့ပါဝင်သည်။

အစိုးရအဖွဲ့နှင့် UNFC တစ်ဖွဲ့လုံးဖြင့်  တရားဝင်တွေ့ဆုံခြင်းများမရှိသေးသော်လည်း အဖွဲ့ဝင်အချို့နှင့် ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံခဲ့သည်။

မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here