Tuesday, October 16, 2012

မင်းပြားလူထု လျှပ်စစ်မီး ပုံမှန်မလာ၍ အခက်တွေ့

0 comments
ရခိုင်ပြည်နယ်တွင် မြို့များ၏ လျှပ်စစ်မီးကို လောင်စာဆီသုံး စက်အို စက်ဟောင်း အင်ဂျင်များမှ တဆင့် ဖြန့် ဝေနေရာ မင်းပြားမြို့တွင် လျှပ်စစ်မီး ပုံမှန် မလာသည့် အပြင် ၀န်ဆောင်ခကိုလည်း တိုးကောက်နေသဖြင့် လျှပ် စစ်မီး သုံးစွဲသူများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။

“ မြို့ပေါ် လျှပ်စစ် မီးပေးနေတဲ့ မီးစက်ကြီး လေးလုံး ရှိပါတယ် ။ အဲဒီ လေးလုံးနဲ့ ရပ်ကွက် ၃ခုကို ဖြန့်ဝေ ပေးနေတဲ့ အထဲမှာ အဆိုးဆုံး က ဈေးဟောင်းပိုင်း ရပ်ကွက် မီးစက် ဖြစ်ပါတယ်။ အဲဒီမီးစက်က ဘာခံမှာ တည်ဆောက် ထားပါတယ်။ အဲဒီ မီးစက် ကို ရေခဲစက်နဲ့ ပူးတွဲထားပါတယ်။ အဲဒီ ရေခဲစက်ဟာ  လွန်ခဲ့တဲ့ တစ်လလောက်က ညဥ့် ၁ချက်တီးလောက်မှာ အမိုးနီးယားဂတ်စ် အိုးပေါက်ကွဲသွားပါတယ်။  အခု ဂတ်စ်အိုး အသစ်လည်း မရောက်၊ ရေခဲစက်လည်း မလည်ပတ်နိုင်။ ကျွန်မတို့လည်း မီးမရ ဖြစ်နေပါတယ်” မင်းပြားမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မီးစက်အား ရေခဲစက်ဖြင့် တွဲထားသဖြင့် ပြည်သူများ အနေဖြင့် လျှပ်စစ်မီးရရှိသည့် အချိန်ကလည်း  အချိန်မှန် မရရှိခြင်း၊ ရရှိလာသည့် မီးအားမှာလည်း အတက်အကျ အကြိမ်ရေများစွာ ဖြစ်ခြင်း၊  မီးအား အတက် အကျကြောင့် မီးလုံး၊ မီးချောင်းများ အပါအ၀င် ရုပ်မြင်သံကြားစက်များ မကြာခဏ ပျက်စီးခြင်းများ ကိုလည်း ကြုံတွေ့ကြရသည်ဟု ဆိုသည်။တစ်ခြား လျှပ်စစ်မီးကို အားကိုးပြီး အလုပ် လုပ်နေကြသော အသေးစား စက်မူ လက်မူ လုပ်ငန်းများလည်း ထိခိုက်မူ ရှိနေပြီး အသေးစား  စက်မူ လုပ်ငန်း ပိုင်များမှာလည်း ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ နေရသည်ဟု သူမက ပြောသည်။

လက်ရှိ လည်ပတ်နေသည့် တခြား မီးစက်များမှာလည်း ပြည်သူများ မီးရရှိရေးထက် ရေခဲစက်များကိုသာ ဦးစားပေး မီး ဖြန့်ဖြူး ပေးဝေနေသဖြင့်  မင်းပြား ပြည်သူတို့မှာ မီးအမှောင်မိုက်ထဲတွင် ကျရောက်နေကြရသည် မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။ယခုကဲ့သို့ ပြည်သူများ မီးမရဘဲ ဖြစ်နေချိန်တွင် မီတာအို စောင့်ရှောက်ခနှင့် တခြား အခွန်များကို လစဉ် ပေးဆောင် နေကြရပြီး  လျှပ်စစ်မီး အခွန်ဆောင်လျှင်လည်း  ကျသင့်ငွေ တန်ဖိုး ထက် ငွေ ၂၀၀၀ ကျပ် အပိုဆောင်း ကောက်စား နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးကြောင့် ပြည်သူများ လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ မီတာခ ဈေး အလွန်မြင့်မားခြင်းတို့ကြောင့် အခက်ကြုံနေရသော်လည်း ယခုအချိန်ထိ အစိုးရမှ ရခိုင်ပြည်နယ် လျှပ်စစ်မီး ပေးဝေရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား စဉ်းစား ဆောင်ရွက်ခြင်း မရှိသေးကြောင်း သတင်းများ ရရှိသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here