Tuesday, October 16, 2012

ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ

0 comments
ရန်ကုန်မြို့တွင်း အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကျော ပိတ်ဆို့နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)
ဂျပန်ကား ကုမ္ပဏီ လီမိတက် (JCCL) နှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ခရီးသည်တင်ယာဉ်၊ တက္ကစီ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ် ပြေးဆွဲရေး လုပ်ငန်းများ အတွက် ယာဉ်အစီး ၃၀၀၀ ကျော်ကို ဆက်တိုက် တင်သွင်းသွားရန် ရှိကြောင်း သိရသည်။
ပထမဆုံး ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ခရီးသည်တင်ယာဉ် ၅၀ ကို တင်သွင်းကာ ယာဉ်လိုင်းသစ်တလိုင်းကို ရန်ကုန်မြို့တွင်း စတင် ပြေးဆွဲတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး ကပရမှ တာဝန်ရှိသူ တဦးက ပြောသည်။
“ခရီးသွားပြည်သူ ၃ သန်းလောက် နေ့စဉ် ဒုက္ခရောက်နေတာကို စောင့်ရှောက်ရမှာက အစိုးရမှာ တာဝန်ရှိတယ်။ JCCL က ဒေါ်လာသန်း ၄၀၀ ကျော် ကို ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ သဘော တူထားတာတွေ ရှိတယ်” ဟု ရထား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ရှင်းပြသည်။
JCCL နှင့် ကပရ တို့ ပူးပေါင်းကာ အဆင့်မြင့် ကားပြင်ဆင်ရေး၊ ၀ပ်ရှော့နှင့် ဒီပလိုမာအဆင့် ပေးနိုင်သည့် ကားပြင်ဆင်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်လည်း သဘောတူညီထားကြောင်း၊ ကပရမှ ပြေးဆွဲမည့် ယာဉ်လိုင်းသစ်များသည် ခရီးသည်၏ ယာဉ်စီးနှင်ချိန်နှင့် ကြာမြင့်ချိန် လျှော့ချခြင်း၊ လုံခြုံမှုရှိခြင်း၊ သိက္ခာရှိမှုနှင့် သက်တောင့်သက်သာ ရှိခြင်းတို့ကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကပရ တာဝန်ရှိသူက ဆိုသည်။
သို့ရာတွင် ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ခြင်းနှင့် ယာဉ်သစ် တင်သွင်းခွင့်များ တိုးမြှင့်ပေးနေခြင်း တို့ကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည်ကို ရန်ကုန် ဒေသခံများက စိုးရိမ်နေကြသည်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကားတင်သွင်းမှု အများဆုံးဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
သီလဝါ ဆိပ်ကမ်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းများတွင် နေ့စဉ် ထောင်ဂဏန်းနီးပါး ရှိသည့် ကားသစ် တင်သွင်းမှုများလည်း ရှိနေကြောင်း သိရသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ (မထသ) အတွင်းရေးမှူး ဦးဘမြင့်က “ကိုယ်ပိုင် ကားတွေ များလာတယ်၊ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းပြီး ယာဉ်သစ် တင်သွင်းမှု တွေကြောင့် အိမ်နောက်ဖေး လမ်းကြားထဲမှာ ထားတဲ့ ကားဟောင်းတွေဟာ ကားသစ်တွေအဖြစ် ပြေးလာကြတယ်။ အခုလို လူတွေ တိုးလာ၊ ကားတွေ တိုးလာတဲ့အခါမှာ လမ်းတွေက ကျဉ်းလာတယ်၊ ဘေးမှာ လူနေအိမ်တွေ၊ တိုက်တာ အဆောက်အဦးတွေ ရှိတဲ့အတွက် လမ်းတွေချဲ့ဖို့ မလွယ်ဘူး” ဟု ဆိုသည်။
ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ နေ့စဉ်ကြုံနေရသည့် အခက်အခဲသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာခြင်း၊
မိန်းလမ်းကြား၊ လမ်းမီးပွိုင့်များကို သေချာစွာ တွက်ချက်ထားမှု မရှိခြင်း၊ လမ်းများ ပျက်စီးနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ၎င်းကုမ္ပဏီမှ ပြေးဆွဲနေသည့် ပါရမီနှင့် အဓိပတိ ခရီးသည်တင် ယာဉ်များ၊ တက္ကစီများကို ထပ်မံ တိုးချဲ့ချင်ကြောင်း၊ ရန်ကုန်လူဦးရေ အနေအထားအရ ခရီးသည်တင် ယာဉ်များ တိုးချဲ့ရန် လိုအပ်ကြောင်း၊ သို့သော် CNG ဓာတ်ငွေ့ကိစ္စ အခက်အခဲ ရှိသဖြင့် လတ်တလော တိုးချဲ့ရန် မလွယ်ကူသေးကြောင်း ပြောသည်။
“စီးပွားကူးသန်းက CNG ကား တင်သွင်းမယ်ဆိုရင် စွမ်းအင်ဝန်ကြီးဌာနရဲ့ CNG ထောက်ခံချက် ပေးပါလို့ပြောတယ်၊ စွမ်းအင်
ဝန်ကြီးဌာနက CNG ထောက်ခံချက်မပေးနိုင်ဘူး။ ရန်ကုန်မြို့ လူဦးရေ အနေအထားနဲ့ လက်ရှိကား အနေအထားနဲ့ဆို ထပ်တိုး
ရအုံးမယ်။ တဖြည်းဖြည်း တိုးချဲ့သွားမှာပါ” ဟု သူက ဆိုသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့ ခြင်းကြောင့် ခရီးသွားပြည်သူများ နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး စုပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လတ်တလော ဆောင်ရွက်နိုင်မှု မရှိသေးခင် စည်းကမ်းလိုက်နာ ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဟာ အာဆီယံမှာ ကားအများဆုံး သွင်းတဲ့နိုင်ငံ ဖြစ်နေတယ်။ အနာဂတ် ယာဉ်ကြော
ပိတ်ဆို့မှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရန်ကုန်မြို့တွင်း ကုန်းကျော်တံတား ၄ ဆင်း ဆောက်နေတယ်။ ပလက်ဖောင်းတွေ
ပြင်တယ်၊ လမ်းတွေချဲ့နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ သည် ယာဉ်လိုင်း ကော်မတီ ၁၈ ခုဖြင့် ယာဉ်လိုင်းပေါင်း ၅၁၃ လိုင်းကို ထိန်းသိမ်း ကြီးကြပ် လျှက်ရှိသည်။ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကို ၂၀၀၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည်တင် ယာဉ်လိုင်း ၁၈ လိုင်းဖြင့် ယာဉ်အစီးပေါင်း ၄၇၀၊ ပါရမီ တက္ကစီ အစီး ၅၀၀ ကျော်ဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲလျှက် ရှိကြောင်း သိရသည်။
ကပရ ဌာနကို စစ်ကျန် ခရီးသည်တင်ကားများ၊ ကားအို ကားဟောင်းများဖြင့် ၁၉၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here