Wednesday, October 10, 2012

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်

0 comments


မိန်းခလေး အခွင့်အရေးတွေအတွက်လှုပ်ရှားပေးလို့  နိုင်ငံတကာက  လှိုက်လှိုက်လှဲလှဲ   အားပေးထောက်ခံမှုကို
ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန် ကျောင်းသူလေးကို တာလီဘန်တွေ က ပစ်ခတ်သတ်ဖြတ် ရာမှာ ပြင်းထန် စွာ ဒဏ်ရာ ရရှိသွားပါတယ်။


ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။
ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။

ကျောင်းသူလေး မာလာလာဟာ စာတတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသူ ဖြစ်ပါတယ်။ အကြမ်းဖက် သတ်ဖြတ်နေတာတွေကြောင့် စိတ်ပျက်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံသားတွေ စာတတ်လာကြဖို့၊ ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ဟာ မျှော်လင့်ချက်ပါ။ ဒါကြောင့်လည်း ၂ဝ၁၁ ခုနှစ်မှာ ပါကစ္စတန် အစိုးရက ကျောင်းသူလေး မာလာလာကို အမျိုးသားငြိမ်းချမ်းရေဆု နဲ့ ရူပီးငွေ တသန်း ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အစ္စလမ်ဘာသာရဲ့ အခြေခံဝါဒ (fundamentalism) က တစတစ ကြီးမားကျယ်ပြန့်လာနေချိန်မှာ မိန်းခလေးတွေရဲ ပညာသင်ကြားပိုင်ခွင့်အတွက် ကျောင်းသူလေး မာလာလာက ရဲရဲဝန့်ဝန့် တောင်းဆိုပေးလျက်ရှိပါတယ်။ သူဟာ ဒတ်ခ်ျ အဖွဲ့အစည်းတခုက မနှစ်က ကျင်းပတဲ့ နိုင်ငံတကာ ခလေးများ ငြိမ်းချမ်းရေးဆုအတွက် နောက်ဆုံး ဆန်ကာတင်အဆင့်ထိ ရောက်ခဲ့သူ ဖြစ်ပါတယ်။



တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို မာလာလာဟာ ၂ဝဝ၉ ခုနှစ်မှာ ကလောင် နာမည်တခုနဲ့ ဘီဘီစီ အူရဒူဘာသာ အသံလွှင့်ကဏ္ဍမှာ နေ့စဉ် မှတ်တမ်း ရေးသားချိန်မှာ သူ့ကို သတိပြုလာကြပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် Swat ချိုင့်ဝှမ်းဒေသက မင်ဂိုရာမြို့မှာ နေထိုင်ပါတယ်။

အဲဒီဒေသနဲ့ လူမျိုးစုဒေသတွေမှာ တာလီဘန်သူပုန်တွေ ကြီးစိုးထားပြီး ပြင်းထန်လွန်းတဲ့ အစ္စလမ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးပါတယ်။ ကျောင်းပေါင်း ရာပေါင်းများစွာကို ဗုံးခွဲတိုက်ခိုက်ပါတယ်။ အများစုက မိန်းခလေးကျောင်းတွေ ဖြစ်ပါတယ်။ ဘယ်သူမှ စာမတတ်နိုင်အောင် နှိပ်ကွပ်ထားတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ပြင်းထန်ဆိုးဝါးလာတာ ၂ နှစ်လောက် ကြာလာတော့ အဲဒီဒေသကို စစ်တပ်က အကြီးအကျယ် ဝင်ရောက် နှိမ်နှင်းယူခဲ့ရပါတယ်။ အဲဒါကတော့ ၂ဝဝ၉ ခုနှစ်တုန်းကပါ။ ပါကစ္စတန် တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အရှေ့ဘက် နယ်စပ်ဒေသတွေဆီကို ဆုတ်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ တော်တော်လေး ငြိမ်းချမ်းသွားပါတယ်။ ပါကစ္စတန်ရဲ့ ဆွစ်ဇာလန်လို့ တင်စားရလောက်အောင် ရှုခင်းလှပတဲ့ အဲဒီဒေသကို လာရောက်ကြည့်ရှုသူတွေ ရှိလာခဲ့ပါတယ်။ စစ်တပ်ကလည်း အားပေး စောင့်ရှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပွဲတော်တခုကိုတောင် စစ်တပ်က တာဝန်ယူ ကျင်းပပေးလိုက်ပါသေးတယ်။ ဒါပေမယ့် မနေ့က ဖြစ်သွားတဲ့ ဒီလို တိုက်ခိုက်မှုကိုကြည့်ရင် တာလီဘန်တွေဟာ စိမ့်ဝင်လာနိုင်သေးတာကို သက်သေခံနေပါတယ်။

ဒီလိုတိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လုပ်တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ စစ်သွေးကြွ အုပ်စုတစုဟာ ကျောင်းသူလေး မာလာလာကို ပစ်မှတ်ထားခဲ့ရတာကတော့ သူဟာ မူဆလင်အကြောင်း အပျက်သဘော ဝါဒဖြန့်နေတာကြာင့် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာကို ခေါ်ဆိုပြောပြသွားပါတယ်။ မာလာလာဟာ အမေရိကန်သမ္မတ အိုဘားမားကို အတုယူဖွယ်ရာ စံပြခေါင်းဆောင် လို့ သဘောထားနေသူဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ သစ္စာဖောက်တွေအတိုင်း လုပ်နေတာကြောင့် သူ အသက်ရှင်နေဦးမယ် ဆိုရင်လည်း တာလီဘန်တွေက လိုက်သတ်နေဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပါကစ္စတန် နိုင်ငံရေးသမားတွေက ပါကစ္စတန် တာလီဘန်တွေရဲ့ အခုလို တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီလိုတိုက်ခိုက်မှုဟာ လွန်လွန်းအားကြီးတဲ့ ရက်စက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချဝေဖန်သွားပါတယ်။

မာလာလာကို ပက်ရှာဝါမှာရှိတဲ့ စစ်ဆေးရုံကို ဟယ်လီကော့ပတာနဲ့ ပို့ဆောင်ပြီး ကုသပေးလျက်ရှိပါတယ်။ ကျည်ဆန်ဟာ ဦးခေါင်းပိုင်းမှာရှိတဲ့ ကျောရိုးမ (spine) ထဲမှာ နစ်မြှုပ်နေပါတယ်။ ဦးခေါင်းခွံ ယောင်ရမ်းနေသေးတာကြောင့် ဆရာဝန်တွေက ချက်ချင်း ကုသခွဲစိတ်တာ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

လိုအပ်ရင် နိုင်ငံခြားမှာ ဆေးကုပေးသွားမှာ ဖြစ်တယ်လို့ ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုလိုက်ပါတယ်။



အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကို သမ္မတက ချီးမြှင့်စဉ် .. Photograph: EPA

ပါကစ္စတန် ဝန်ကြီးချုပ် အာ့ရ်ရာဖ် (Raja Pervez Ashraf) က “ပါကစ္စတန် တာလီဘန်တွေမှာ ဒီလို တိုက်ခိုက်ဖို့ ခံယူချက် ရှိနေတဲ့ စိတ်ထား (mind-set) ကို ကျနော်တို့ တိုက်ဖျက်ပစ်ရပါမယ်။ မာလာလာကို ကျနော့်သမီး.. ခင်ဗျားတို့ရဲ့ သမီးတွေလို သဘောထားရပါမယ်။ တာလီဘန်တွေရဲ့ mind-set က လွှမ်းမိုး တည်ရှိနေမယ်ဆိုရင် ဘယ်သူ့သမီးမှ လုံခြုံမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

မာလာလာဟာ သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ တာလီဘန်တွေရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားကျယ်ပြန့်လာတဲ့အပေါ်မှာ စိုးရိမ်ပူပန်နေမိတယ်လို့ ရေးပါတယ်။ ပန်းရောင်ကို နှစ်သက်လှတဲ့ သူဟာ တနေ့မှာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မနက်ခင်း လူစုဝေးကြတဲ့ပွဲကို တက်ရောက်ပါတယ်။ အဲဒီအခါမှာ အရောင်အဆင်း ရှိတာတွေ မဝတ်ဆင်ကြဖို့ ပြောခံရပါတယ်။ အရောင်နဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်တဲ့ တာလီဘန်တွေက မြင်ရင် ကန့်ကွက်လာနိုင်လို့ ဆိုပါတယ်။

လွင်အောင်စိုး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here