မြန်မာနိုင်ငံသွားဘက်ဆိုင်ရာကောင်စီမှ
ဆရာဝန်များအဖွဲ့သည် အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ
ကျေးရွာများတွင် သွားဝေဒနာရှင်များအား အခမဲ့ ဆေးကုသ ပေးနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ကောင်စီ
ဒေါက်တာဦးကျော်ဝင်းဦးစီးတဲ့ဆရာဝန်ပေါင်း (၁၈)ဦးဟာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက
ဆီဆိုင်မြို့ပေါ်နဲ့ ဆီဆိုင်မြို့နယ်အတွင်းရှိ ဆိုက်ခေါင်ရွာမှာ သွားဝေဒနာခံစား နေရတဲ့
လူပေါင်း ၆၀၀ ကျော်ကို အခမဲ့ဆေးဝါးကုသပေးခဲ့ပါတယ်။ ``ဆေးကုသပေးတဲ့ ဆရာဝန်များအားလုံးကို
အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မတို့က တောင်ယာကိုဘဲ အဓိကထားပြီး အလုပ်လုပ် ကြတဲ့ တောသူတောင်သားတွေပါ။
ငွေကြေးမချမ်းသာသလို ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့လည်း ဗဟုသုတ မရှိကြပါဘူး။ မပျက်စီးသင့်တဲ့
သွားတွေ၊သွားဖုံးတွေ ဖျက်ဆီးခဲ့ရပါတယ်။ အခုလိုစာနာမှုရှိတဲ့ စေတနာရှင် ဆရာဝန်တွေကြောင့်
သွားရောဂါတွေပျောက်ပြီး သွားနဲ့ပတ်သတ်လို့ ဂရုပြုရမဲ့ အချက်တွေကိုလည်း သိခဲ့ရပါတယ်။
ရောဂါပျောက်သွားတဲ့သူတွေပို့သတဲ့ မေတ္တာတွေကို ဆရာဝန်အဖွဲ့တွေ အပြည့်အ၀ ရရှိမှာ ပါလို့´´
ဆိုက်ခေါင်ရွာမှ သွားဝေဒနာရှင် ပျောက်ကင်းသွားသူ ဒေါ်နန်းစိန်မှ ပြောကြားခဲ့ပါတယ်။
အဆိုပါဆရာဝန်များအဖွဲ့ဟာ ဆိုက်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှူး
အိမ်မှာတည်းခိုပြီး နောက်နေ့(၉)ရက်နေ့မှာ အခြားမြို့များသို့ ဆက်လက်သွားရောက်ဆေးကုသမှုတွေ
ပြုလုပ်သွားမည်လို့ သိရပါတယ်။