Wednesday, October 2, 2013

မူးယစ်ဆေးဝါးဥပဒေ

0 comments
ကိုဖြူ။ ။ ကနေ့တော့ အရပ်ထဲမှာပြောနေကြတဲ့ မူးယစ်ဆေးဝါးအမှုတွေအကြောင်း ပြောပြပါဆရာ။

ယူတီကေ ။ ။ “မူးယစ်မှု”ဆိုတာ ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်း၊ စိတ်ကြွဆေးပြား စတဲ့ပစ္စည်းတွေနဲ့ ပတ်သက်တဲ့အမှု တွေဖြစ်တယ်။ ၁၉ဝ၉ ခုနှစ်မှာ ဘိန်းအက်ဥပဒေ၊ ၁၉၅ဝ ခုနှစ်မှာမှ ဘိန်းခန်းနှိပ်ကွပ်ရေးအက်ဥပဒေ၊ ၁၉၅၅ ခုနှစ်မှာ ဘိန်းရှု စားသုံးသူများ မှတ်ပုံမတင်မနေရအက်ဥပဒေတွေ ပြဋ္ဌာန်းခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးဥပဒေပြဋ္ဌာန်းတယ်။ အခုနောက်ဆုံး ဥပဒေက ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာ ဥပဒေဖြစ်ပါတယ်။ ယခင်ဥပဒေတွေအားလုံး ရုပ်သိမ်းလိုက်တယ်။ အခုဥပဒေကို ရှေ့နေတွေက “မူးယစ်ဥပဒေ” “မူးစိတ်ဥပဒေ” လို့ အတိုကောက်ခေါ်ကြတယ်။ ပုဒ်မ(၃၁)ခုရှိတယ်။

ပြည်သူများ သိသင့်တာတွေကို အတိုချုပ်နဲ့ အရှင်းဆုံး တင်ပြပါမယ်။

“မူးယစ်ဆေးဝါး”ဆိုတာ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတဲ့အပင်တွေ၊ အဲဒီအပင်တွေက ထွက်တဲ့၊ ထုတ်လုပ်တဲ့အရာတွေ၊ ဆေးဝါးတွေဖြစ်တယ်။ (ဥပမာ-ဟီးရိုးအင်း၊ မော်ဖင်း၊ ပက်သဒင်း)


“စိတ်ကိုပြောင်းလဲစေသောဆေးဝါး”ဆိုတာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားတဲ့ဆေးဝါးတွေဖြစ်တယ်။ (ဥပမာ- အင်ဖက်တမင်း၊ မက်သာကွာလုံး၊ ဘာဘီတယ်လ်၊ ရာမဆေးပြား၊ စိတ်ကြွဆေးပြားတွေ)

ဥပဒေပြဋ္ဌာန်းချက်နဲ့ ပြစ်ဒဏ်တွေတင်ပြပါမယ်။

ပုဒ်မ ၁၅၊ မူးယစ်ဆေးဝါးသုံးစွဲရင် (၃-၅)နှစ်။

ပုဒ်မ ၁၆(က) ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်စိုက်ရင် -

(ခ) မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ သုံးတဲ့ပစ္စည်း၊ ဓာတုပစ္စည်းလက်ဝယ်ထားရင်၊ သယ်ပို့၊ ဖြန့်ဖြူးရင်၊

(ဂ) မူးယစ်၊ စိတ်ပြောင်းဆေးဝါးများကို လက်ဝယ်ထားရင်၊ သယ်ပို့၊ လွှဲပြောင်းရင် - (၅-၁ဝ)နှစ်။

ပုဒ်မ-၁၉၊ မူးယစ်၊ စိတ်ပြောင်းဆေးဝါးကို (ရောင်းချရန်အလို့ငှာ) လက်ဝယ်ထားရင်၊ သယ်ပို့၊ လွှဲပြောင်းရင် (၁ဝ နှစ် - နှစ် အကန့်အသတ်မရှိ ထောင်ဒဏ်)

မှတ်ချက် - အောက်ပါအလေးချိန်၊ ပမာဏထက်ကျော်လျှင် (ရောင်းချရန်အလို့ငှာ)ဟု မှတ်ယူသည်။ (ပုဒ်မ-၂၆)

ဘိန်းဖြူ (၃)ဂရမ်ထက်ကျော်ရင်
မော်ဖင်း (၃)ဂရမ်ထက်ကျော်ရင်
ဘိန်းစိမ်း (၁ဝဝ)ဂရမ်ထက်ကျော်ရင်
ဆေးခြောက်(၂၅)ဂရမ်ထက်ကျော်ရင်

ပုဒ်မ-၂ဝ ။ မူးယစ်၊ စိတ်ပြောင်းဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊ ပြည်ပကို တင်ပို့၊ ပြည်ပမှ တင်သွင်းရင်

(၁၅ နှစ်မှ အကန့်အသတ်မရှိ ထောင်ဒဏ်၊ သေဒဏ်)။

ဒါကြောင့် ပြည်သူများ သိထားသင့်တဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေက မူးယစ်၊ စိတ်ပြောင်း၊ ဓာတု၊ ဆေးဝါးတွေကို စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း မလုပ်ရဘူး။ (အတိုမှတ် - စိုက်၊ ထုတ်၊ ထား၊ သယ်၊ ပြောင်း)၊ ပြင်ဆင်ထုတ်လုပ်ခြင်း၊ ပြည်ပကို တင်ပို့၊ ပြည်ပမှ တင်သွင်းခြင်း၊ ရောင်းချခြင်း မလုပ်ရ ဘူး။ (အတိုမှတ် - ပြင်၊ ပို့၊ ရောင်း) ပြစ်ဒဏ်ပါတွဲပြီး မှတ်ချင်ရင်တော့ -

သုံး (၃-၅) နှစ်
စိုက်၊ ထား၊ သယ်၊ ပြောင်း (၅-၁ဝ) နှစ်
ရောင်းရန်ထား၊ သယ်၊ ပြောင်း (၁ဝ-α) နှစ်
ပြင်၊ ပို့၊ ရောင်း (၁၅-α-သေဒဏ်)လို့သာမှတ်ပါ။

ကိုဖြူ ။ ။ ဆရာ ရှင်းပြတော့မှ မှတ်ရလွယ်လိုက်တာ။ ဒါထက် ဆရာလိုက်ခဲ့တဲ့ မူးယစ်မှုတရားခံတွေ လွတ်တာရှိသလား။ ဘယ်လို လွတ်ရာလွတ်ကြောင်း ထုချေလျှောက်လဲခဲ့သလဲ ပြောပြပါဆရာ။

ယူတီကေ ။ ။ (၁) ဘိန်းစိမ်း(၂၅)ပိဿာ လက်ဆွဲအိတ်ထဲကမိတဲ့အမှု။

တရားခံက ဘူတာမှာ ကျက်စားတဲ့သူခိုး။ ခါးပိုက်နှိုက်၊ အလစ်သုတ်သမားပါ။ လားရှိုးရထားဆိုက်တော့ ရထားတွဲပေါ်က အိတ်ကြီးတစ်လုံးကို ဆွဲပြေးလာတယ်။ မီးရထားရဲက မသင်္ကာလို့ဖမ်းတယ်။ အိမ်ဖွင့်စစ်ကြည့်တော့ ဘိန်းစိမ်း(၂၅)လုံးတွေ့ တယ်။ သွားပြီ။ (၁ဝ နှစ်၊ နှစ်အကန့်အသတ်မရှိ) ထောင်ကျတော့မယ်။ တရားခံ ချုံးချုံးချ ငိုတော့တာပေါ့။ ရှေ့နေအနေနဲ့ သက်သေခံဘိန်းမဲတွေဟာ တရားခံပိုင်ပစ္စည်းမဟုတ်ကြောင်း၊ ဘာပစ္စည်းမှန်းမသိဘဲ ခိုးလာတာဖြစ်လို့ ခိုးမှုနဲ့သာ အပြစ်ပေးသင့် ကြောင်း ထုချေရတာပေါ့။ တရားခံရဲ့မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ ရပ်ကွက်လူကြီးများကလည်း ဒီကလေးဟာ (သူခိုးစစ်၊ သူခိုးမှန်) ဖြစ်ကြောင်း၊ အဲဒီမနက်ကမှ ဒီကလေးဟာ စားစရာမရှိလို့ ဘူတာဘက် သွားခိုးဦးမယ်လို့ ပြောပြီးထွက်သွားကြောင်း၊ မကြာမီ အဖမ်းခံရကြောင်း သက်သေလိုက်ပေးကြပါတယ်ဗျာ။

(၂) ဘိန်းဖြူပင်နယ်စလင်ပုလင်း(၂)လုံး စအိုထဲက တွေ့တဲ့အမှု

တရားခံက အမှုအမျိုးမျိုးနဲ့ တရားရုံး(၅)ရုံးမှာ အမှုရင်ဆိုင်နေရတဲ့သူပါ။ တစ်ရက်မှာ ထောင်အရာရှိတွေက ထောင်ထဲကို ဘိန်းဖြူသွင်းမယ်လို့ သတင်းအတိအကျရလို့ စောင့်နေကြတယ်။ ထောင်ဘူးဝမှာ တရားခံကို တလာစီကိုယ်တုံးလုံးချွတ်ပြီး ရှာ တယ်။ မတွေ့ဘူး။ လေးဖက်ထောက်ခိုင်း၊ ချောင်းဆိုးခိုင်းတော့ စအိုထဲက ကြိုးစထွက်လာတယ်။ ဆွဲထုတ်လိုက်တော့ ကြိုးတန်း လန်းနဲ့ ဘိန်းဖြူအပြည့်ပါတဲ့ ပင်နယ်စလင်(၂)လုံးထွက်လာတယ်။ ဘိန်းဖြူလက်ဝယ်တွေ့မှုနဲ့ စွဲတယ်။ (ဆရာဘယ်လို လျှောက်လဲထုချေခဲ့သလဲ ဆရာ) ဘိန်းဖြူပုလင်းနှစ်လုံးဟာ ကျွန်တော့်အမှုသည်ရဲ့ လက်ဝယ်က တွေ့တာမဟုတ်ပါဘူး၊ လက်ဝယ်ကတွေ့တာမဟုတ်ပါဘူး လို့ (၂)ကြိမ်တိတိ အသံကျယ်ကျယ်နဲ့လျှောက်ခဲ့ရပါတယ်ဗျာ။ တရားသူကြီးတွေက သဘော ကျလွန်းလို့ ခေါင်းတညိတ်ညိတ်နဲ့ ပြုံးပြုံးကြီးပဲ။

(၃) ဘိန်းဖြူထုပ် ဘရာစီယာထဲက မိတဲ့အမှု

ရုပ်ရှင်ရုံရှေ့မှာ ဘိန်းဖြူရောင်းနေတယ် သတင်းရလို့၊ ရဲအရာရှိလာဖမ်းတယ်။ ရောင်းတဲ့မိန်းမက ရဲလည်းလာရော ဘိန်းဖြူထုပ်ကို သူ့ရင်ဘတ် ဘရာစီယာထဲထိုးထည့်ပြီး ဝှက်လိုက်တယ်။ ရှာတဲ့လူကလည်း အထဲထိ နှိုက်ရှာတယ်။ မိသွားတယ်။ တရားခံရဲ့ ထုချေချက်က ဒီအထုပ်လေးဟာသူ့ပစ္စည်းမဟုတ်ပါဘူး။ ကောင်လေးတစ်ယောက်က ချွေးနံ့ပျောက်ဆေးထုပ်ဆိုပြီး လာပေးလို့ ရင်ဘတ်ထဲ ထည့်ထားတာပါလို့ ထုချေခဲ့ရပါတယ်။ တရားရေး ဥက္ကဋ္ဌကြီးကတော့ ပြုံးပြုံးကြီးပဲ။

ကိုဖြူ ။ ။ ဆရာ(၃)မှုစလုံးက တရားခံတွေ လွတ်သွားသလား။

ယူတီကေ ။ ။ အဲဒီအမှုတွေဖြစ်ခဲ့တာက (၁၉၇၄-၁၉၈၈)ကာလဗျ။ တရားသူကြီးတွေက အရပ်ထဲက တက်လာတဲ့ ပြည်သူ့ တရားသူကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေပါ။ ပညာတတ်၊ ဥပဒေသမားတွေ မဟုတ်ကြဘူး။ သုံးယောက်တစ်ဖွဲ့ အဖွဲ့နဲ့ရုံးထိုင်တယ်။ ဆိုရှယ်လစ်တရားစီရင်ရေး စနစ်သစ်ပေါ့ဗျာ။အဖွဲ့ဝင်တွေကဆိုက်ကားဘအေးပါတယ်။ သော့ပြင်ကိုခွေး ပါတယ်။ ရေစက် မောင်း ကိုပြောင်းပါတယ်။ရိုးသားကြပါတယ်။ ဝိသေသထူးတဲ့ (မဆလ)ရဲ့ “မြန်မာ့တရားစီရင်ရေး ကမ္ဘာကိုလွှမ်းရမယ်”ဆိုတဲ့ ကာလကပေါ့။ တရားသူကြီးတွေဟာ အမိန့်ချဖို့အတွက် ပါတီယူနစ်ရုံးကို လမ်းညွှန်ချက်သွားပြီး ခံယူကြတယ်ဗျ။ ပြီးတော့ အမိန့်ချတယ်။ (၃)မှုစလုံး ထောင်ကျသွားတယ်။


ကိုဖြူ ။ ။ တရားခံထောင်မကျတဲ့အမှုများ ရှိရင်ပြောပြပါဦး။

ယူတီကေ ။ ။ ဟုတ်ကဲ့၊ ထောင်မကျတဲ့အမှုတစ်မှု ရှိပါတယ်။ ကိုဖြူမေးလွန်းလို့ပြောရတာပါ။ ကိုယ့်ဂုဏ်ကိုယ်ဖော်သလို၊ ကြွား သလိုဖြစ်ရင် သည်းခံပါဗျာ။ အမှုက ဘိန်းဖြူ(၁၂)ကီလိုမိမှုပါ။ တရားခံအိမ်နောက်ဖေး မီးသွေးအိတ်တွေကြားထဲက မိသွားတယ်။ ထုချေရတာက ဒီနောက်ဖေး မလုံခြုံတဲ့အကြောင်း နောက်ဖေးလမ်းကြားမှာ လူသွားလူလာရှိကြောင်း၊ လူဝင်လို့၊ ထွက်လို့ရ ကြောင်း၊ တရားခံရဲ့ပစ္စည်းမဟုတ်ကြောင်း၊အခြားသူလာထားသွားတာဖြစ်နိုင်ကြောင်း ခုခံချေပတဲ့လမ်းကြောင်းလိုက်ရတာပေါ့။ ရုံးချိန်းရက်တိုင်းမှာ တရားခံက “အမှုအခြေအနေ ဘယ်လိုလဲဆရာ၊ ထောင်ကျနိုင်သလား”လို့ ခဏ ခဏ မေးတယ်။ ကျွန်တော် လည်း သက်ပြင်းခဏခဏချပြီး “မင်းထောင်မကျနိုင်ပါဘူး”လို့ ပြန်ဖြေခဲ့ရတယ်။ ဘေးကလူတွေက
 ရှေ့နေကြီးဟာ အပိုင်ကို ပြောတာပဲလို့ အံ့သြနေကြတယ်။

ကိုဖြူ ။ ။ ကွင်းလုံးကျွတ် လွတ်သွားသလား ဆရာ။

ယူတီကေ ။ ။ ထောင်မကျဘူး။ သေဒဏ်ကျသွားတယ်။ ဘိန်းဖြူ(၁၂)ကီလိုဂရမ်ရောင်းတဲ့အမှုဗျ။ ကြိုသိနေတယ်။ သေဒဏ်ပဲ ကျနိုင်တယ်လေ။ ဘေးကလူတွေက ရှေ့နေကြီး နိမိတ်ဖတ်တာမှန်လိုက်တာ၊ မှန်လိုက်တာနဲ့။

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here