ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရာဇဝတ်မှု ဆိုင်ရာ ရုံး (UNODC) တို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆွေးနွေးပွဲကို ဤတပတ်အတွင်း ကျင်းပသွားရန် ရှိသည်ဟု RCSS အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောပါသည်။
“ ဒီ မူယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို UNODC အဖွဲ့က လာရောက် ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ် ဆိုတော့ ဘယ်လို ပူးပေါင်း လုပ်ဆောင်သွား ကြမလဲ ဆိုတာကို ဒီတွေ့ဆုံပွဲထဲမှာ အဖြေရှာကြတဲ့ သဘောပါ” ဟု ဆိုသည်။
ဤအစီအစဉ်ကို RCSS/SSA အဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရာဇဝတ်မှု ဆိုင်ရာ ရုံး UNODC အဖွဲ့ အပြင် မြန်မာ အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တို့လည်း သုံးပွင့်ဆိုင် တက်ရောက် ဆွေးနွေး ကြမည် ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း ဤအောက်တိုဘာလ မကုန်မီ ရှမ်းပြည် တောင်ပိုင်း တာချီလိတ် (သို့မဟုတ်) ကျိုင်းတုံမြို့ ၌ တွေ့ဆုံရန် ရှိသည်ဟု ဆိုပါသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်နှင့် ပါတ်သက်ပြီး RCSS သည် ပြီးခဲ့သည့် မေလ (၁၉)ရက်နေ့တွင် မြန် မာ အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ် သဘော တူညီမှု ရရှိပြီး ဖြစ်ပါသည်။RCSS စိုးမိုးသော နယ်မြေထဲရှိ အစိုးရ အဖွဲ့၏ အမိန့် ကြေညာ စာအမှတ် ၁၇/၂၀၁၁ အတိုင်း ဖွဲ့စည်း ထားသော ပြည် နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် နှင့် ကျေးရွာ ကော်မတီများ ထဲ၌ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့ကို RCSS/SSA မှ ဖွဲ့စည်း ထားပြီး ဖြစ်ပါသည်။
ငရဲပန်းခေါ် ဘိန်းပင်များ (ဓါတ်ပုံ အင်တာနက်)
ဤသို့ကြောင့် ယင်းကော်မတီများနှင့် RCSS/SSA တို့အကြား လက်တွဲပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းများကို ညှိနှိုင်း ဆွေးနွေး သွားရန် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် ကတည်းက သဘော တူညီ ခဲ့ပါသည်။ ထိုသဘောတူညီ ချက်တွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စနှင့် သက်ဆိုင်သော အကြောင်းအရာ များကို ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ နိုင်ငံတော် အကြီးအကဲသို့ တင်ပြ၍ ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူ ထားခြင်း ဖြစ်ပါသည်။
လာမည့် တွေ့ဆုံ ဆွေးနွေးပွဲသို့ RCSS/SSA ဘက်မှ ဗိုလ်မှူးချုပ် စောပေါင်ခေလ်က ဦးဆောင်သည့် RCSS/SSA မူးယစ် ဆေးဝါး တိုက်ဖျက် ကာကွယ် တားဆီးရေး အဖွဲ့က တက်ရောက်မည်ဖြစ်သည်။ မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများ ဖက်မှ မည်သူ တက်ရောက်မည်ကို မသိရ သေးသော်လည်း ဤဆွေးနွေးပွဲသည် RCSS နှင့် ကုလသမဂ္ဂ တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံပွဲ ဖြစ်ကြောင်း ဆိုပါသည်။
ရွှေဟင်္သာသတင်းဋ္ဌာန