ဤပြသနာကို ပြေလည် လိုပါက ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)အနေနှင့် တပ်ဖွဲ့ လှုပ်ရှားမှုများကို တ၀က်ခန့် လျှော့ချရန် လိုအပ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့သည်ဟု RCSS ပြော ခွင့်ရသူ ဗိုလ်မှူးစိုင်းလောက်ဆိုင်က ဆိုပါသည်။
“ ဒီကိစ္စကို ရန်ကုန် မြို့မှာရှိတဲ့ ငြိမ်းချမ်းရေး စင်တာ မှာပေါ့၊ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၆)ရက်နေ့က ကျင်းပသွားတဲ့ ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ကျနော်တို့ တက်ရောက်တုန်းက ဦးအောင်မင်းနဲ့ ဒီပြသနာကိုဆွေးနွေးခဲ့တယ်။ ကျနော်တို့က အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမဲ့လို့ တိုက်ပွဲကဆက်လက် ဖြစ်ပွားတော့ ဒီပြသနာ ကိုပြေလည် စေချင်တာပါ” ဟု ဆိုပါသည်။
RCSS သည် အပစ်အခတ် ရပ်စဲ ထားသော်လည်း ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ်(၃၀) ထက်မနဲ ဖြစ်ပွားခဲ့ပါသည်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၄) ရက်နေ့က ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင် မိုင်းဆတ်မြို့နယ်၊ မိုင်းတုမ်ကျေးရွာ၌ ဖြစ်ပွားသော တိုက်ပွဲတွင် (၃) နာရီခန့် ကြာပြီး RCSS ဖက်က အရာရှိတဦး ကျဆုံးပြီး၊ တပ်သားတဦး ဒါဏ်ရာ ရစေခဲ့ပါသည်။
ထိုတိုက်ပွဲတွင် မိုင်းဆတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၄ လက်အောက်ခံ ခမရ (၅၅၃)၊ခမရ (၅၅၄)တပ်ဖွဲ့နှင့် RCSS တို့၏ အမှတ်(၁) ကျိုင်းတုံစစ်ဒေသ တပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ဤကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ရှောင်ရှားလိုပါက RCSS ၏ စစ်ရေး လှုပ်ရှားမှုကို လျှော့ချရန် လိုအပ်ကြောင်း ဦး အောင်မင်း အကြံပြု ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။
“ ဦးအောင်မင်း ပြောတာကတော့ ဒီကိစ္စမှာ ကျနော်တို့ ဖက်ကလည်း ချို့ယွင်းချက် ရှိပါတယ်။ အားလုံး မှန်တယ်လို့ မဆိုလိုပါဘူး။ တဖက်နှင့် တဖက် ပစ်ခတ်မှုတွေ မဖြစ်စေလိုရင်တော့ ခင်ဗျားတို့ရဲ့ စစ်ရေး လှုပ်ရှားမှုကို တ၀က်လောက် လျှော့ချလိုက်မယ် ဆိုရင် ပြေလည် ပါလိမ့်မယ်လို့” ဦးအောင်မင်းက အကြံပြုသွားကြောင်း ဆိုပါသည်။

ဤပြသနာ၌ အစိုးရ တပ်ဖွဲ့များသည် RCSS အဖွဲ့ကို အကြောင်းမကြားဘဲ လှုပ်ရှားနေသည့် အတွက် တိုက်ပွဲများ ဖြစ်နေရကြောင်း တဖက်နှင့် တဖက် အကြောင်းကြားပြီးမှ လှုပ်ရှားပါက ပြသနာ ဖြစ်လာစရာ မရှိကြောင်း RCSS ဖက်က ဆိုပါသည်။
ဤသိုကြောင့် ယခုပြသနာကို လာမည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး အဖွဲ့နှင့် တရားဝင် တွေ့ဆုံ သည့်အခါ ဖြေရှင်းကြရန် ဦးအောင်မင်းက အဆိုပြု တင်ပြ သွားပါသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့တွင်လည်း RCSS မှ ဗိုလ်မှူးချုပ် ပေါင်ခေ ဦးဆောင်သော အဖွဲ့၊ UNODC အဖွဲ့နှင့် အစိုးရ မူးရစ်ဆေးဝါး ဗဟိုမှ ရဲမှူးကြီး မြင့်အောင်တို့ တာချီလိတ်မြို့၌ ဆွေးနွေး ခဲ့သော်လည်း စစ်ရေး လှုပ်ရှားမှု၌ သဘောတူခြင်း မရရှိဟု RCSS က ဆိုပါသည်။
ရွှေဟသာင်္