
ကရင်နှစ်သစ်ကူး ကျင်းပပြုလုပ်ရေး ကော်မတီ(မဟာရန်ကုန်)၏ အပတ်စဉ်ပြုလုပ်သည့် စည်းဝေး
ပွဲ၊ ဓါတ်ပုံ-Susanna Soe
လာမည့် နှစ် (၂၀၁၃ခုနှစ်) ဇန်န၀ါရီလ ၁၁ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပပြုလုပ်မည့် ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်ပြည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေအဲန်ယူမှ ထိပ်ပိုင်း ခေါင်းဆောင်နှစ်ဦး သွားရောက် အားပေးမည်ဟု သိရှိရသည်။
ရန်ကုန် ကရင်နှစ်သစ်ကူး ကျင်းပပြုလုပ်ရေး ကော်မတီ(ဗဟို)၏ ဖိတ်ကြားချက်အရ ကေအဲန်ယူ ဗဟိုမှ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သည့် ပဒိုစောသမိန်ထွန်းနှင့် ပဒိုမန်းငြိမ်းမောင်တို့မှ သွားရောက် အားပေးကြမည် ဖြစ်သည်။
အဆိုပါ ဗဟိုကော်မတီဝင်နှစ်ဦးသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၁ရက်နေ့က ကျင်းပပြီးစီးသွားခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှ ပြန်အရွေးချယ်ခံရသည့် ခေါင်းဆောင်များ ဖြစ်သည်။
ရန်ကုန်တိုင်း အင်းစိန်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ကရင်နှစ်သစ်ကူး ပွဲတော်ကို ယခုနှစ်တွင် ဇန်န၀ါရီလ ၁၁ရက်မှ ၁၃ရက်နေ့အထိ ၃ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
(အဲခေါင်သောင့်)