Monday, December 3, 2012

ထိုင်းဘက်က စိုးရိမ်နေသော မြန်မာဘက်မှ မီးခိုးများ နှင့် နေရာအခက်တွေ့နေသော လွယ်စတုံအမှိုက်ပုံ

0 comments
ဒီဇင်ဘာ(၃)

ပြီးခဲ့သော နိုဝင်ဘာ(၂၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းရှိ သတင်းဌာနတခုတွင် တာချီလိတ်မြို့မှ ထွက်ပေါ်လာသော မီးခိုးများကြောင့် စိုးရိမ်စိတ်တွေဖြစ်နေကြကြောင်းကို ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။

{လွယ်စတုံအမှိုက်ပုံ}
၎င်းတို့ရေးသားဖော်ပြထားသည်မှာ မြန်မာနိုင်ငံဘက်ရှိ တာချီလိတ်မြို့ကနေ မီးခိုးမဲများ ကောင်းကင်ပေါ်သို့ တက်လာပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဖက်ဝင်လာကြောင်း ဒီမီးခိုးမဲတွေဟာ (၆/၇)ရက်အတွင်းရှိပြီး တစ်ရက်ထက်တစ်ရက် ပိုမိုထူထပ်လာကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပြီး မီးခိုးများထွက်ပေါ်နေခြင်းကိစ္စနဲ့ပတ်သက်ပြီး မယ်ဆိုင်မြို့ နယ်ခြားဖြတ်ကျော်တံတားမှ ထိုင်းအရာရှိတစ်ဦးမှလည်း လွိုင်ငူတောင်ကနေ ကြည့်လိုက်တော့ မီးခိုးမဲအလုံးလိုက်တက်လာတာကို တွေ့ရတာကြောင့် အနီးအနားနေထိုင်သူကို ၎င်းအနေဖြင့် မေးမြန်းရာ တာချီလိတ်မြို့မှာ ကျောက်မီးသွေးလျှပ်စစ်အင်အားထုတ်လုပ်ရန်စက်ရှိတာကြောင့် ကျောက်မီးသွေးစက်ရုံဟာ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာမှုကြောင့်  ပြန်လည်လှုပ်ရှားလာခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။ 

{ထိုင်းသတင်းမှ ဖော်ပြထားသော ပုံ [Photo: Maesai News]}

ဆက်လက်၍ ထိုအရာရှိမှ မီးခိုးကိစ္စနှင့်ပတ်သက်၍ တာချီလိတ် TBC အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးသင့်ကြောင်း ပြောဆိုခဲ့ကြပြီး မယ်ဆိုင်မြို့သည် နယ်စပ်စီးပွားရေးနှင့် ခရီးအပန်းဖြေစရာရှုခင်းများ၊ သဘာဝနေရာများစွာရှိတာကြောင့် ခရီးသွားနိုင်ငံခြားသားများ အလည်လာကြပြီး စီးပွားနယ်မြေဖြစ်သည့်အတွက် မီးခိုးများကြောင့် မယ်ဆိုင်မြို့ရှိ သဘာဝရှုခင်းနှင့် လူကျန်းမာရေးအပါအ၀င် ထိခိုက်မှာဖြစ်ကြောင်း နိုဝင်ဘာ(၂၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းရှိ သတင်းဌာနတခုမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ထိုကိစ္စနဲ့ပတ်သက်၍ Tachileik.net မှ ထိုင်းသတင်းတွင် ပါရှိသော ပုံပါ မီးခိုးများထွက်နေသည့်တည်နေရာသို့ သွားရောက် လေ့လာကြည့်ရာမှာ တာချီလိတ်တစ်မြို့လုံး၏ အကြွင်းအကျန်များ အမှိုက်သရိုက်များကို စွန့်ပစ်ထားသော လွယ်စတုံအမှိုက်ပုံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ တာချီလိတ်မြို့တွင် အမှိုက်ပုံတစ်ခုတည်းသာရှိနေပြီး လက်ရှိ အမှိုက်ပုံမှာ ကား ဆိုင်ကယ်များ လူများ အပြင် ကားကြီးများ ဖြတ်သန်းဖြတ်လာပြုလုပ်လျှက်ရှိသည့် လမ်းဘေးတွင် တည်နေရှိနေပါတယ်။ 

ဆက်လက်ပြီး အမှိုက်ပုံကိစ္စနဲ့ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးရုံးသို့ သွားရောက် မေးမြန်ရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "လောလောဆယ်မှာ အမှိုက်ပုံအတွက် နေရာအခက်အခဲဖြစ်နေတာကြောင့် အမှိုက်တွေကို မီးရှို့လို့ရတဲ့ဟာဆိုရင် မီးရှို့လိုက်ပြီး 
တစ်ချို့အမှိုက်တွေကိုတော့ ကားနဲ့ကြိတ်လိုက်ပါတယ်။ အမှိုက်တွေကို မီးရှို့တာကတော့ ၃-၄ရက် တစ်ကြိမ်ရှို့ဖြစ်ပါတယ် အဲ့လိုရှို့လို့ မီးခိုးထွက်တာဖြစ်မှာပါ"လို့ ဖြေကြားပြီးနောက် အမှိုက်ပုံ တည်နေရာကို အရင်က မယ်ယန်းမှာ သတ်မှတ်ထားတာ ကြားမိကြောင်း မေးမြန်းရာမှာ 
"အရင်က နေရာသတ်မှတ်ပြီးဖြစ်ပေမဲ့ အဲ့ဒီနေရာက သူများနေရာဖြစ်နေတာကြောင့် ပြန်ပေးလိုက်ရပြီး အခု မြေနေရာအတွက် အလျင်အမြန် ရှာဖွေနေပါတယ်"လို့ ပြောကြားလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မြို့နယ်စည်ပင်သာယာရေးရုံး သို့ သွားရောက်မေးမြန်းနေစဉ်မှာပင် ၎င်းတို့မှ အမှိုက်ပုံကိစ္စအတွက် အစည်းအဝေးလုပ်နေတာကို တွေ့ခဲ့ရပါတယ်။ 

ထိုင်းသတင်းဌာနမှ ရေးသားဖော်ပြထားသည့်  ကျောက်မီးသွေးလျှပ်စစ်အင်အားစက်ရုံမှာ လွယ်စတုံအမှိုက်ပုံ နှင့် နီးကပ်နေတာကြောင့် အမှိုက်ပုံအား မီးရှို့ရာမှ ထွက်ပေါ်လာသော မီးခိုးကို ၎င်းတို့အနေဖြင့် အမြင်မှားကာ ကျောက်မီးသွေးလျှပ်စစ်အင်အားစက်ရုံမှ ထွက်တာဖြစ်တယ်ဆိုတဲ့အကြောင်းမှာ အမြင်မှားတာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here