Thursday, February 21, 2013

ကျိုင်းတုံမြို့၌ "ဝ"ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

0 comments
ဖေဖော်ဝါရီ(၂၁)

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မအားကစားကွင်းထဲမှာ (၃၇)ကြိမ်မြောက် "ဝ"ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ(၁၉)ရက်မှ (၂၁)ရက်နေ့ထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာ ပြုလုပ်တဲ့ ပွဲတော်ရက်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နှင့် ဌာနဆိုင်ရာများ အပါအ၀င် "ဝ"လူမျိုးများ လာရောက်ခဲ့ကြတာကို
 တွေ့ရပါတယ်။

ပွဲတော်ကို ကျိုင်းတုံမြို့အနီးတ၀ိုက်ရှိ "ဝ"လူမျိုးများ နဲ့ တာချီလိတ်မြို့က “ဝ”လူမျိုး တစ်ချို့လည်း လာရောက် ဆင်နွှဲကြတာကို တွေ့ရပါတယ်။ “ဝ”ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်မှာ “ဝ”ရိုးရာအကများကို ကပြဖျော်ဖြေခဲ့ကြပြီး ကွင်းပြင်ထဲမှာ ထင်းရှုးအပင်တစ်ပင်ကို စိုက်ထူးထားကာ အပင်အောက်တွင် ကျွဲခေါင်းတစ်ခေါင်းနှင့် အသားတုံးကို ထားရှိပြီး ၎င်းတို့၏ ရိုးရာဓလေ့အရ မြေ၀ိုင်းအကနှင့် ပျော်ရွှင်စွာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ချစ်ခင်ရင်းနှီးမှုဖြင့် ကပြဖျော်ဖြေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ယခုပွဲတော်ကို “ဝ” စာပေနှင့် ယဉ်ကျေးမှုအသင်း နှင့် "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ( National Unity Party )တို့က ပူပေါင်းလုပ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။

 "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပတ်သက်ပြီး "ဝ"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ နာယက တစ်ဦးဖြစ်သူ ဦးဖီးလစ်ဆမ်က " “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ကျိုင်းတုံဘက်မှာဆိုရင် ပါတီဝင်အင်အား (၃/၄၀၀၀)လောက်ရှိပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီရုံးတွေကို တာချီလိတ်မြို့နဲ့ မိုင်းဆက်မြို့အပြင် တခြားမြို့နှစ်မြို့မှာလည်း ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒါတွေကတော့ ရုံးမဖွင့်ရသေးတဲ့မြို့တွေပေါ့၊ တချို့မြို့တွေမှာတော့ ရုံးဖွင့်ပြီးသွားပါပြီ၊
လောလောဆယ်တော့ တာချီလိတ်မှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရှေ့လထဲမှာပဲ ဖွင့်လှစ်ဖြစ်မယ်လို့တော့ ထင်ပါတယ်၊"လို့ ပြောကြားသွားပါတယ်။

ကျိုင်းတုံမြို့မှာ "ဝ"ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်သည် "ဝ"လူမျိုးတို့ရဲ့ မြွေနှစ်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်အကြိမ်မှာ (၃၇)ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here