သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ၆၆ နှစ်မြောက် သျှမ်းပြည်နယ်နေ့ ကို မြို့လယ် ဘုရားနှင့် လွတ်လပ် ရေးကျောက်တိုက်အနီးရှိ ပန်ပွဲကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်းစုံစမ်းသိရှိ ရသည်။
နမ့်ခမ်းမြို့လယ်ရှိ သျှမ်းပြည်နယ်နေ့ဖျော်ဖြေရေးစင်“ဒီနေ့ ၆ ရက် နေ့လည် ၁ နာရီမှာ ဖွင့်ပွဲအခမ်းအနားစတယ်။ နက်ဖြန်ည အထိ ကျင်းပ မယ်၊ ပွဲဈေး ဆိုင်ခန်းလာ လျှောက် ထားတဲ့သူ အယောက် ၁၅၀ ကျော်ရှိမယ်၊မြို့လယ်မှာ တခါမှ မကျင်းပဖူးသေးလို့ စည်မယ်လို့ထင်တာပဲ ” ဟု ပွဲဖြစ် မြောက် ရေး ကူညီပေးနေသော လူငယ်တစ်ဦးကပြောပြသည်။
သျှမ်းပြည်နေ့ ပွဲတော်၏ ထူးခြားသောအစီအစဉ်များမှာ ကျားအက၊ စကားရည်လုပွဲ၊ သျှမ်းရိုးရာအက ပေါင်းစုံ၊ သဘာဝ ဘေးအန္တရာယ်နှင့်ကျန်းမာရေးဟောပြောပြခန်း၊သျှမ်းပြည်သမိုင်းနှင့်ပတ်သက်သော ဆွေးနွေးခန်း တို့ရှိကြောင်း ထို လူငယ်ကဆိုသည်။
“စကားရည်လုပွဲ ခေါင်းစဉ်ကတော့ ပြည်ပရင်းနှီးမြုပ်နှံမှုအပေါ် တဖက်ကအကောင်းမြင်တွေချည်းဘဲ ပြောမယ်။ တဖက်က အဆိုးတွေချည်းပြောမယ်။ တစ်ဖွဲ့ လေးယောက်စီ ဖွဲ့ပြီးတော့ စကားရည်လုရမှာ။ နမ့်ခမ်းမြို့တွင်း ရပ်ကွက်နဲ့ ကျေးရွာ ၅၀ ကျော် ကနေ လာပြီးကပြမယ်။ အကအဖွဲ့တိုင်းကို လက်ဆောင် ပစ္စည်းတွေ ပေးမယ်၊ပွဲ အစီအစဉ်ကတော့ သျှမ်းနှစ် သစ်ကူး ပွဲတော် ထက် ၃ ဆ ပိုများတယ်။ နာမည်ကြီးသျှမ်းအဆိုတော် စိုင်းဆိုင်စွမ်ဖ စိုင်းဆိုင်စွမ်မောဝ် နန်းခမ်းနောင့်နဲ့ တက်သစ်စ အဆိုတော်သစ်လေးတွေကိုလဲ ဖျော်ဖြေပေးဖို့ ဖိတ်ထားတယ် ” ဟု ပွဲတာဝန်ရှိသူတစ်ဦးကပြောသည်။
နှစ်စဉ်နှစ်တိုင်း နမ့်ခမ်းမြို့၌ သျှမ်းပြည်နယ်နေ့အခမ်းအနားကို နိုင်ငံရေးစိတ်ပါလှုပ်ရှားသည့်အဖွဲ့မှ ကမကထ ပြုကာ ကောင်းနောင်မိုရပ်ကွက်ရှိ တိုင်းဧည့်ကြိုမင်္ဂလာခန်းမတွင်ကျင်းလေ့ရှိကြောင်း၊ ယခုနှစ် ပထမဆုံး အကြိမ်အဖြစ် မြို့လယ် ၌ ကျင်းပရသဖြင့် လူထုတို့ ၀မ်းမြောက်ဝမ်းသာဖြစ် နေရကြောင်း၊ သျှမ်းပြည်နေ့ကို ဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းဖောင် ကြက်တောင်ရိုက်အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်က ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပပြီးစီပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ကျနော်တို့ နမ့်ခမ်းဖောင်ကလပ်အချင်းချင်း မနေ့က သျှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကြက်တောင် ရိုက်ပြိုင်ပွဲကို နေ့လည် ၁ နာရီမှ ညနေ ၆နာရီအထိကျင်းပတယ်၊ ပြိုင်ပွဲဆု ကိုတော့ ကျနော်တို့ ကလပ် ထဲက အဖွဲ့ဝင်တစ်ဦးက ကူညီ ထောက်ပံ့ပေးတယ်၊ ရ ရက်သျှမ်းပြည်နယ်နေ့ ညစာစားပွဲနဲ့ ဆုပေးပွဲ အခမ်းအနား ပြုလုပ်မယ်၊ နေရာကိုတော့ မသတ် မှတ်နိုင်သေးဘူး ” ဟုနမ့်ခမ်းဖောင်ကြက်တောင်ကလပ်မှလူငယ်တစ်ဦးက ပြောသည်။
ယနေ့မနက်အစောပိုင်းကစ၍ အိမ်တိုင်းနီးပါး သျှမ်းပြည်အလံ စိုက်ထူထားသည်ကိုတွေ့ရသဖြစ် စိတ်ဓါတ်တက်ကြွအားရ ဖွယ်ရှိကြောင်းလည်း ဒေသခံလူငယ် စိုင်းခမ်းက ပြောပါသည်။
နမ့်ခမ်းမြို့လယ်၌ ပထမဆုံးအကြိမ် ကျင်းပမည့် ၆၆ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားကို ကျားဖြူပါတီနှင့် ကျားခေါင်းပါတီ တို့က ကမကထဦးစီး ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။
သျှမ်းသံတော်ဆင့်