Thursday, February 21, 2013

‘လှချင်ရက် စက်စက်ယို’ ဒေါက်မြင့်ဖိနပ်နောက်ကွယ်က ဆိုးကျိုးများ

0 comments
ဖေဖော်ဝါရီ(၂၁)
လှချင်လွန်းအားကြီးလို့သာပင်ဆယ်ဟီးအမြင့်ကြီးကိုစီးထားရပေမယ့် ခြေသလုံးကြွက်သားတွေကတော့ နာကျင်မှုဒဏ်ကို အလူးအလိမ့်ခံနေရပါတယ်။ မိန်းမသားတို့ သဘာဝအရလူအများရဲ့ လှလိုက်တာလို့ ချီးကျူးပြီး ငေးမောတာခံချင်လို့သာဟန်မပျက်နေရပေမယ့်အိမ်ပြန်ရောက်လို့နားချိန်ရောက်ရင်
 ခြေထောက်တောင် မထောက်နိုင်လောက်အောင် နာကျင်တဲ့ဒဏ်ကို အလူးအလိမ့် ခံစားရတော့တာပါပဲ။ ဒေါက်မြင့်ဖိနပ်အမြင့်စီးပြီး လှလှပပကြွကြွလျှောက်နိုင်တာကို မက်မောလှတဲ့ အမျိုးသမီးများရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

ဒီလို လှပစမတ်ကျမှုရဲ့ နောက်ကွယ်က အကျိုးဆက်တွေကလည်း များလွန်းလှပါတယ်။ ကိုယ်နေဟန်ထားပြောင်းသွားပြီး အရပ်မြင့်ချင်လို့ ဒေါက်မြင့်ဖိနပ်စီးကြတဲ့ အမျိုးသမီးတိုင်းဟာ ကားပေါ်ကဆင်း ဆယ်လှမ်းလောက်လှမ်း ကားပေါ်ပြန်တက်ဆိုတာချည်း မဟုတ်ပါဘူး။ အလွှာစုံ၊ အဆင့်စုံ ပါဝင်ကြပါတယ်။ လှပမှုရဲ့ နောက်ကွယ်က အကျိုးဆက်လေးတွေကိုလည်း သိထားစေချင်ပါတယ်။

ပင်ဆယ်ဟီးစီးတာရဲ့အကျိုးဆက်လေးများ

ပထမအဆင့်ကတော့ အလွယ်တကူ ချော်လဲပြီး ဒူးနာ၊ ခါးနာနဲ့ အခန့်မသင့်ရင် ပေါင်ရိုးကျိုးတတ်ပါတယ်။ဒုတိယကတော့ နာတာရှည်ဖြစ်ပြီး ခါးရိုးကျီးပေါင်းတက်ပါတယ်။ နောက်တစ်ခုကတော့ ခြေချောင်းနဲ့ခြေထောက်များက အရိုးတွေ နာကျင်တာကို ခံစားရပါမယ်။ အဲဒါနဲ့ပတ်သက်ပြီး အရိုးအကြောအဆစ် အထူးပါမောက္ခဒေါက်တာချစ်စိုးက “ဒေါက်မြင့်ဖိနပ်စီးလိုက်တော့ ခန္ဓာကိုယ်က ပုံမှန်အနေအထား မဟုတ်တော့ဘဲ တင်ကောက်ပြီး ရင်ကော့သွားတယ်။ စီးပါများလာတော့ ခါးရိုးက အရှေ့ကိုငေါထွက် လာတာကို ခါးကြွက်သားတွေက ပြန်တည့်ပေးရတယ်။ ကြာလာတော့ ခါးရိုးမှာဒဏ်ဖြစ်လာတယ်။ ဗိုက်နဲ့ရင်က ရှေ့ကိုထွက်သွားတော့ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို ကျောရိုးဆစ်တစ်ပြင်လုံးမျှခံတာ မဟုတ်တော့ဘဲ နောက်နားလေးကပဲ ထိခိုက်ပြီးဒဏ်ဖြစ်လာပါတယ်” လို့ ပြောပါတယ်။

ကျီးပေါင်းတက်၊ ခါးနာ၊ ဖနောင့်ရိုး နာရခြင်းများ

“လူခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ကျောရိုးနောက်ပိုင်းနားကပဲ ခံရတာများလာတော့ အရိုးပွန်းပြီး အတက်ထွက်တာ ခါးနဲ့လည်ပင်းများ ကျီးပေါင်းတက်တာဖြစ်တတ်တယ်။ ခါးနာတာ၊ ခေါင်းမူးတာဖြစ်တတ်ပြီး သိပ်ကြာလာရင် အာရုံကြောထိခိုက်ပြီး ဦးနှောက်က သတင်းပို့တဲ့အလုပ်ကို သိပ်မလုပ်နိုင်တော့ဘဲ လက်ဖျားခြေဖျားတွေ ထုံကျဉ်လာတာတွေ ဖြစ်တတ်ပါတယ်” လို့ပြောပါတယ်။ ခြေသလုံးကြွက်သားတွေလည်း ဒေါက်မြင့်ဖိနပ်စီးပါများရင် တိုသွားတတ်ပါတယ်။ ကြာလာရင် ဖိနပ်မပါဘဲလျှောက်ရင် ခြေဖျားထောက်ထားသလိုမျိုး ဖြစ်နေတတ်ပါတယ်။ နောက်(Flat Foot)လို့ခေါ်တဲ့ ခြေဖဝါးပြားပြီး ရှည်ထွက်လာတာ။ ပျော့ဖပ်သွားတာလည်းဖြစ်တတ်ပြီး ကိုယ်လုံးက အလေးချိန်မထိန်းနိုင်တော့ဘဲ ဖနောင့်အရိုးနာ၊ ဒူးရိုးကျီးပေါင်း တက်တာတွေ ဖြစ်တတ်တယ် လို့သိရပါတယ်”လို့ ပြောပါတယ်။

အမြင့်တစ်လက်မခွဲလောက်ဆိုရပါတယ်

ဒေါက်ဖိနပ်အမြင့်ဟာ တစ်လက်မခွဲထက်ပိုရင်တော့ ခါးရိုးငေါထွက်လာတတ်ပါတယ်။ ဒီအမြင့်ထက်ပိုလာရင် ခြေဖဝါး တစ်ပြင်လုံးနဲ့ ခြေချောင်း၊ ခြေသလုံးကြွက်သားနဲ့ ခြေထောက်ဖျား အရိုးလေးတွေနာကျင်တတ်ပါတယ်။ ဒါကြောင့် ဒေါက်မြင့် တစ်လက်မခွဲလောက်ဆိုရင်တော့ စီးလို့ရတယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းလည်းလုပ်ကြမယ်

ဖိနပ်ကြောင့်ဖြစ်တဲ့ ကြွက်သားတွေခံနိုင်အောင်လို့ ပက်လက်အိပ် ဒူးထောင် ခါးကော့ပြီးပြန်ချတာကို မနက် ည အခါ၂၀စီ လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ကြွက်သားတွေ သန်စွမ်းဖို့အတွက်ပါ။ နောက်တစ်ခုကတော့ နံရံကိုမျက်နှာမူ လက်နှစ်ဖက်ထောက်ပြီး နဖူးနဲ့ နံရံနဲ့ထိရတာပါ။ ဒီလေ့ကျင့်ခန်းက ခြေချင်းဝတ်ပဲ လှုပ်ရှားရပြီး ကြွက်သားတွေ ဆွဲဆန့်ပေးတာပါ။ ဖိနပ်အမြင့်ကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးရင် အဆင်ပြေနိုင်မှာပါ။ ခန္ဓာကိုယ်အလေးချိန် ပေါ်မူတည်ပြီးတော့ ဖိနပ်ကိုလည်း အရပ်မြင့်ချင်လို့စီးတာဆိုရင် ရှေ့နောက် တစ်ပြေးညီပြီး ဟန်ချက်နိုင်မယ့် ဖိနပ်စီးပါလို့ ဒေါက်တာချစ်စိုးက ပြောပါတယ်။


စွယ်စုံကျမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here