Tuesday, March 19, 2013

လေ့လာစရာများပြည့်လျှမ်းပြီး အေးချမ်းမှုများပေးစွမ်းနေသည့်ဟိုပုံးနယ်က ထန်စမ်းဂူ

0 comments
မတ်(၁၉)

၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံများ အနက်မှ ခရီး သွားဧည့်သည် များက အဆိုပြု ခံရခြင်း အများဆုံး (၁ဝ) နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ နှစ်ဆန်းပိုင်းက ဖတ်လိုက် ရသဖြင့် နိုင်ငံသား တစ်ယောက် အနေဖြင့် ဂုဏ်ယူ ခဲ့ဖူးသည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် လည်းကောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေး နွေးထွေးမှု ရှိပြီး ရင်းနှီး ပွင့်လင်းလာမှု တို့ကြောင့် လည်းကောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ အမွေအနှစ် များ ပေါများခြင်းနှင့် သဘာဝ ရှုခင်းရှုကွက် အများအပြားရှိခြင်း တို့ကြောင့် ပြည်ပ ခရီးသွားများ ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် များပြားလျက် ရှိကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ်တွင် ပြည်ပ ခရီးသွား ရှစ်သိန်း ခန့် ဝင်ရောက်ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် တစ်သန်းကျော် ဝင်ရောက်ခဲ့ ကြောင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ပြည်ပ ခရီးသွားပိုမို ဝင်ရောက် လာနိုင်ဖွယ်ရာ ရှိသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်းများမှ သိရသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက သတ်မှတ်ထားသော ဟိုတယ်ဇုန် ၁၁ ဇုန် ရှိသည့်အနက် အင်းလေး ဟိုတယ်ဇုန်သည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုနှင့် ဝင်ရောက်မှု အများဆုံး စာရင်းတွင် ပါဝင်နေသည်။ ထိုသို့ ခရီးသွားများ ဝင်ရောက်ရာတွင် မြန်မာ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ဟဲဟိုး လေဆိပ်မှ လေယာဉ်စီး၍ လည်းကောင်း၊ ရန်ကုန်- တောင်ကြီး မော်တော်ယာဉ်လိုင်း တို့ဖြင့်လည်းကောင်း ဝင်ရောက်လျက် ရှိကြောင်း သက်ဆိုင်ရာ ဟိုတယ်ဇုန်မှ သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားများသည် ရှမ်းပြည်နယ်ရှိ ထင်ရှားပြီး လူသိများသော နေရာများ ဖြစ်သည့် ကလော၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်ဒေသ၊ ပင်းတယ၊ ခေါင်တိုင်၊ ရေပူစမ်း၊ ကက္ကူနှင့် ထန်စမ်းဂူ စသည့် အထင်ကရ နေရာများကို လေ့လာကြကြောင်း သိရသည်။

ထန်စမ်းဂူသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာလျက် ရှိသော သဘာဝ လိုဏ်ဂူ ဖြစ်သည်။ အဆိုပါ ထန်စမ်းဂူသို့ တောင်ကြီးမြို့မှ သွားပါက တောင်ကြီး- ကျိုင်းတုံ-တာချီလိတ် ကားလမ်း အတိုင်းသွားရပြီး တောင်ကြီးမှ ဟိုပုံးမြို့သို့ ၁၂ မိုင် သွားရပြီး ဟိုပုံးမြို့မှ ၁၄ မိုင် ထပ်မံ သွားရသည်။

ထန်စမ်း လိုဏ်ဂူ၏ နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဆင်ရုပ်များ ကိုလေ့လာ နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းဂူကို ရှမ်းဘာသာ စကား အရ ''ထန်''သည်''ဂူ''ဖြစ်ပြီး ''ဆမ်'' သည်''ဆင်''ဖြစ်သဖြင့် ဆင်ဂူဟု ခေါ်ဆို ခဲ့ခြင်းဖြစ်သည်။

ဂူ၏ အပေါ်ဘက်ရှိ ကျောက်စက် ပန်းဆွဲများက ကျလာသော ကျောက်စက်ရေ များသည် အောက်ဘက်ရှိ ကျောက်ဆိုင် ခဲများပေါ်သို့ ကျရောက်ပြီး တဖြည်းဖြည်း ကျောက်များ ဆက်သွားကြသည် ဟု သိရသည်။ ထို့ကြောင့် ဘုရားဖူး လာရောက်ကြသော ပြည်တွင်းပြည်ပ ခရီးသွားများက ထိုဂူသို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ကျောက်တုံး၊ ကျောက်ခဲက လေးများကို ဆင့်၍ထား ရှိခဲ့ကြသည်။ ယင်းကျောက်ခဲကလေး များ အပေါ်သို့ ကျောက်စက် ပန်းဆွဲများမှ ကျောက်စက် ရေများကျ၍ တိုက်စားထိစပ်ပြီး ကျောက်ဆိုင် ခဲများဖြစ်သွား ကြရာမှ ကျောက်စက် မိုးမျှော်များဖြစ် သွားကြသည်ဟု သိရသည်။ အလားတူ ဂူ၏ အတွင်းပိုင်းမှ စီးဆင်းလာသော ရေချောင်းများမှ ရွှံ့သဲများကို ယူ၍ ဂူနံရံများတွင် စေတီပုံများ တည်၍ ရောက်ရှိခြင်း အထိမ်းအမှတ် ပြုလုပ်ကြ သည်ကိုလည်း တွေ့ခဲ့ရသည်။

လိုဏ်ဂူ အပေါ်ဘက် နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရွှေထီး၊ ငွေထီး တော်ကိုလည်း ထူးခြားစွာ ဖူးတွေ့ရသည်။ ထို့အပြင် သဘာဝ ကျောက်စိန်ဖူးတော် ကိုလည်း ဖူးမြော်နိုင်ပြီး ၎င်းစိန်ဖူးတော် ၏ အနောက်ဘက်ရှိ သဘာဝကျောက် ဆိုင်များ၏ လှပမှုက ဆေးခြယ်ထား သည်ဟု အငြင်းပွားရ လောက်အောင် ထူးခြားစွာ တွေ့ရမည် ဖြစ်သည်။

ထန်စမ်းဂူသည် ဟိုပုံး ကိုရင်လေး ကျောင်းနှင့် မနီးမဝေးတွင် တည်ရှိသဖြင့် ဟိုပုံး ကိုရင်လေး ရှင်ပေါရိဿက ဘုရားဖူး လာရောက် သူများကို ကြုံကြိုက်ပါက ငါးပါးသီလများ ဆောက်တည် ပေးလျက် ရှိကြောင်းနှင့် ကြုံကြိုက်မှု မရှိပါက အဆိုပါ ကျောင်းသို့ သွားရောက်ဖူးမြော် နိုင်ကြောင်း သိရသည်။

ထန်စမ်းဂူသို့ ရောက်ရှိပါက ဗုဒ္ဓရုပ် ပွားတော်များ၊ စေတီတော်များ၊ ရဟန္တာ အရှင်မြတ် ရုပ်တုတော် များကို ဖူးမြော်နိုင်ပြီး အခြား သဘာဝ အလျောက်ဖြစ်ပေါ် နေသည့် လေ့လာစရာများ ရှိကာ ဘုရားဖူးလာရင်း တရား ဘာဝနာပွား များ အားထုတ် လိုသူများ အတွက် အေးချမ်းမှုများ ပေးစွမ်းနေသော သဘာဝ လိုဏ်ဂူတော် ဖြစ်သည်။

ref:မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here