Monday, March 11, 2013

ကဏန်းပျော့လုပ်ငန်း နိုင်ငံခြား ဝင်ငွေပိုရရေး အစိုးရပံ့ပို့မှု လိုအပ်နေ

0 comments


မတ်(၁၁)



ရခိုင်ပြည်နယ်၏ အောင်မြင်သော ရေလုပ်ငန်းတခုဖြစ်သည့် ကဏန်းပျော့ လုပ်ငန်းမှာ နိုင်ငံခြား ဝင်ငွေ တိုးလာစေရန်အတွက် အစိုးရမှ ပံ့ပိုးရန်လိုအပ်နေကြောင်း ကျောက်ဖြူ မြို့နယ်မှ ကဏန်းပျော့ လုပ်ငန်းရှင်များက ဆိုသည်။

“ရခိုင်မှာ ကဏန်းပျော့လုပ်ငန်း အောင်မြင်နေပါတယ်။ နိုင်ငံခြားဝင်ငွေကိုလည်း ဒီလုပ်ငန်းနဲ့ ရှာနိုင်တယ်။ ဒါပေမဲ့ ခက်နေတာက လုပ်ငန်းပိုအောင်မြင်ဖို့ ဆိုရင်တော့ နည်းညာနဲ့ အရင်းအနှီးတွေကို အစိုးရကပံ့ပိုးပေးဖို့ လိုအပ်မယ်” ဟု ရွှေကျောက်ဖြူ ကဏန်းပျော့ ကုမ္ပဏီမန်နေဂျာ တဦးကပြောသည်။

ရခိုင်ကမ်းရိုးတန်း တလျှောက်လုံး၌ ကဏန်းပျော့လုပ်ငန်း လုပ်ကိုင်၍ ရနိုင်သည့် အနေအထား ရှိနေပြီး နည်းပညာနှင့် အရင်းအနှီး ရှိလျှင် ကဏန်းပျော့ လုပ်ငန်း တခုတည်းမှပင် နိုင်ငံခြားဝင်ငွေများစွာ ရနိုင်ကြောင်း၊ နည်းပညာ ကောင်းမွန်မှု အပေါ် မူတည်၍ ကဏန်းပျော့ လုပ်ငန်းအတွက် အရင်းအနှီးနှင့် အချိန်ကုန် သက်သာကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကဏန်းပျော့လုပ်ငန်း လုပ်ကိုင်သည့် ရွှေကျောက်ဖြူနှင့် ရွှေငါးကုမ္ပဏီနှစ်ခုသာရှိပြီး၊ ကဏန်းပျော့ လုပ်ငန်းလုပ်ကိုင်သူ နည်းပါးရခြင်းမှာလည်း နည်းပညာအပါအ၀င် ရင်းနှီးမြှုပ်နှံငွေ စိုက်ထုတ်လုပ်ကိုင် နိုင်ခြင်း မရှိ၍ဖြစ်သည်။

ရွှေကျောက်ဖြူ ကုမ္ပဏီ လုပ်ငန်းမန်နေဂျာ ဒေါ်သီတာစိုးက “ကဏန်းပျော့လုပ်ငန်း တစ်ခုအတွက် အနည်းဆုံး မြေဧက တစ်ဆယ် ရယ်၊ ကဏန်းအမာတွေကို သိမ်းဆည်း ထားရှိမယ့်  ကဏန်းအိမ်ငယ် တစ်လုံးကို ငါးရာ ကျပ် နှုန်းနဲ့ ကဏန်းအိမ် အလုံးပေါင်း တစ်သိန်းအတွက် ကုန်ကျငွေရယ်၊ ကဏန်းအမာတစ်ကောင်ကို တစ်ရာ ကျပ်ဈေးနဲ့ ကောင်ရေ တစ်သိန်း အတွက် ငွေပမာဏအပြင်၊ အဆောက်အဦးတွေ ဆောက်လုပ်ရမယ့်စရိတ်၊ ကဏန်းထိန်းကန်တွေ တူးဖော်ရမယ့်စရိတ်၊ ကဏန်းစာ ၀ယ်ယူမယ့်စရိတ်၊ အနည်းဆုံးခန့်ထားရမယ့် ၀န်ထမ်း လေးဆယ်အတွက် လစာငွေနဲ့ အခြားလုပ်ငန်းသုံး ပစ္စည်းတွေအတွက် ကုန်ကျငွေ စတဲ့ အရင်းအနှီးတွေက လုပ်ငန်းစတင် လိုက်တာနဲ့  မရှိမဖြစ် လိုအပ်ပါတယ်”ဟု
ပြောသည်။

ရခိုင် ကဏန်းပျော့များကို ရန်ကုန်မြို့သို့ ၃ တန်ဆန့် အအေးခန်းကားများဖြင့် သယ်ယူပြီး၊ အအေးခန်းစက်ရုံတွင် ဆက်လက် သိမ်းဆည်းထားကာ ဂျပန်နိုင်ငံသို့ရေကြောင်းဖြင့် တင်ပို့ရောင်းချခြင်း ရှိသလို၊ ပြည်တွင်း၌လည်း ရန်ကုန်မြို့ဟိုတယ်ကြီး များတွင် ဖြန့်ချီရောင်းချကြကြောင်း ဒေါ်သီတာစိုးက ပြောသည်။

ရန်ကုန် ကဏန်းပျော့များမှာ မလေးရှား၊ စင်္ကာပူ၊ တရုတ်နှင့် ထိုင်းဈေးကွက်တွင် နေရာရထားပြီး ရခိုင် ကဏန်းပျော့ကိုမူ ဂျပန်ဈေးကွက် တခုတည်းတွင်သာ ရောင်းချသည်။

ပြည်တွင်း ရန်ကုန်ဈေးကွက်တွင် ကုန်သည်ကြီးများဟိုတယ် စသည့် ဟိုတယ်ပေါင်း သုံးဆယ်ကျော်သို့ ဖြန့်ချီရောင်းချရာ တွင်လည်း အောင်မြင်မှုရှိသည်ဟု ရခိုင်ကဏန်းပျော့ ရန်ကုန်ဖြန့်ချီရေး ကိုယ်စားလှယ် ဦးမောင်မောင်က ဆိုသည်။

၎င်းက“ဟိုတယ်တွေကိုကျနော်တို့လိုက်ဖြန့်တော့ ရခိုင်ကဏန်းပျော့ကို ဥရောပတိုက်သားတွေ အကြိုက်များတယ်။ ရခိုင်လာတဲ့ ကဏန်းပျော့ပေါင်း တစ်ပွဲကို မြန်မာငွေ သုံးထောင်ကနေ ငါးထောင်ထိပေးပြီး ၀ယ်ယူ စားသုံးကြတယ်” ဟုပြောသည်။

ရန်ကုန်ဈေးကွက်တွင် ရခိုင်ကဏန်းပျော့ တစ်ကီလိုဝင် ရှစ်ကောင်လျှင် ၈၀၀၀ ကျပ် ၊တစ်ကီလိုဝင် ၁၂ ကောင် လျှင် ၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး၊ ဂျပန်ဈေးကွက်တစ်ခုတည်းကိုသာရောင်းချနေရ၍ အမြတ်အစွန်း ကောင်း သော်လည်း အဆိုပါဈေးကွက်၏ပေါက်ဈေးကိုလိုက်၍ ဈေးနှုန်းအပြောင်းအလဲများ ရှိနေသည် ဟုလည်း ကဏန်းလုပ်ငန်းရှင်များမှ သိရသည်။ လက်ရှိ ပြည်ပဈေးကွက်တွင် ကဏန်းပျော့ တစ်တန်လျှင် ပျှမ်းမျှ အမေရိကန် ဒေါ်လာ ၃၀၀၀ ကျော်
ဈေးပေါက်နေကြောင်း သိရသည်။

ရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းကို ၂၀၀၈ ခုနှစ်မှစ၍ ရွှေကျောက်ဖြူကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ ချီကျွန်းတွင် လုပ်ကိုင်လျက်ရှိပြီး၊ ရွှေငါးကဏန်းပျော့ကုမ္ပဏီကမူ တရုတ်လူမျိုးဦးဆောင်လျက် ကျောက်ဖြူမြို့ ငလပွေ့ချောင်းဖျား
တောင်ရှည်ကျေးရွာအနီးတွင် လုပ်ကိုင်လျက်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကဏန်းပျော့တင်ပို့မှုမှ ရရှိသောဝင်ငွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီ ၃ ရက်အထိဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၃၀၈ သန်း ရရှိထားပြီး ဖြစ်ပြီး၊ ယင်းရရှိငွေများမှာ ပင်လယ်ရေကြောင်း
ဖြင့် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄.၃၈၁ သန်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန် ဒေါ်လာ ၃.၉၈၈ သန်း တင်ပို့ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနခွဲမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
မဇ္စိုမ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here