အစ္စလာမ်မစ် နိုင်ငံများရှိ မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးရန် သက်ဆိုင်ရာနိုင်ငံ အစိုးရများအား မြန်မာသံရုံးများမှ တစ်ဆင့် တိုက်တွန်းရန် မြန်မာနိုင်ငံအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“အင်ဒိုနီးရှားမှာ မြန်မာငါးဖမ်းသမား ရှစ်ဦး အကြမ်းဖက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ အင်ဒိုနီးရှား အပါအ၀င် အစ္စလာမ်မစ် နိုင်ငံတွေက မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရတွေကို မြန်မာသံရုံးတွေက တစ်ဆင့် တိုက်တွန်းဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားပါတယ်။ အခုအင်ဒိုနီးရှားမှာတင် မဟုတ်ဘူး။ မလေးရှားနိုင်ငံမှာလည်း မြန်မာတချို့ အကြမ်းဖက်ခံရတယ် ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်” ဟု နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ဧပြီလ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမားတြားပြည်နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း၌ ဘင်္ဂါလီများက မြန်မာနိုင်ငံသား ငါးဖမ်းသမား ၁၁ ဦးကို ဓားများ၊ ကျောက်ခဲများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သောကြောင့် မြန်မာနိုင်ငံသား ရှစ်ဦး သေဆုံးခဲ့ရသည်။
ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန် (ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်းသို့ ရောက်ရှိနေရခြင်း အကြောင်းရင်း၊ ထိန်းသိမ်းရေးစခန်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စောင့်ကြပ်ထိန်း သိမ်းမှု အခြေအနေ…
လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း၌ ဘင်္ဂါလီများနှင့် မြန်မာငါးဖမ်း သမားများ ကြား ဖြစ်ပွားခဲ့သော ရန်ပွဲသည် ဘင်္ဂါလီများက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက် ဗုဒ္ဓဘာသာ ငါးဖမ်းသမားတစ်ဦးကို စတင် ရန်စရာမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်ဟု ဆူမားတြားပြည်နယ် ရဲအရာရှိ Endro Kiswanto က ပြောကြားသည်။ ထို့နောက် အပြန်အလှန် စကားများခဲ့ကြပြီး ကျောက်ခဲများ၊ ဓားများအသုံးပြု၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဖြစ်အပျက်တွင် ပါဝင်သူဟု ယူဆရသည့် ဘင်္ဂါလီ ၂၅ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး အပြစ်ရှိကြောင်း ထင်ရှားပါက အင်ဒိုနီးရှား နိုင်ငံ၏ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု Endro Kiswanto က ပြောကြားခဲ့ပြီး လွတ်မြောက်သွားသူ မြန်မာငါးဖမ်းသမား သုံးဦးအား လုံခြုံရေး အပြည့်အ၀ရှိသည့် သီးခြားအဆောက်အဦတွင် ဆက်လက်ထိန်းသိမ်း ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ ငါးဖမ်းသမား ရှစ်ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်မှုအတွက် မြန်မာနိုင်ငံဘက်မှ အင်ဒိုနီးရှား အစိုးရထံ သို့ အချက်သုံးချက် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အချက်သုံးချက်မှာ (၁) ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန် (ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်းသို့ ရောက်ရှိနေရခြင်း အကြောင်းရင်း၊ ထိန်းသိမ်းရေးစခန်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စောင့်ကြပ်ထိန်းသိမ်းမှု အခြေအနေ။ (၂) စုံစမ်းဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်။ (၃) အင်ဒိုနီးရှားနိုင်ငံ တွင် ရောက် ရှိနေသော မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။