ဧပြီ(၂၉)
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်ဘာသာဝင် တွေကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပဋိပက္ခနဲ့ ပတ်သက်တဲ့အစီရင်ခံစာအပေါ် ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် သွားမှာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့
ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက
သမ္မတ ဦးသိန်းစိန်ဆီကို အစီရင်ခံစာပေးပို့ခဲ့ပြီးဖြစ်ပါ တယ်။ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် လူပေါင်း ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး သိန်းနဲ့ချီ အိုးအိမ်မဲ့ ခဲ့ရပါတယ်။
မကြာသေးခင်ကပဲ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ စွပ်စွဲထားပါတယ်။ဒါပေမယ့် မြန်မာအစိုးရနဲ့ တချို့မြန်မာ့နိုင်ငံရေး လေ့လာသူ တွေကတော့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တရားမျှတမှု မရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။
ABC Radio Australia