လာမယ့် ၂၀၁၃-၁၄ စာသင်နှစ်ကစပြီး တိုင်းရင်းသား ဘာသာတွေကို သက်ဆိုင်ရာ ပြည်နယ်က ကျောင်းတွေမှာ စတင်သင်ကြားတော့မှာ ဖြစ်ပါတယ်။
လွှတ်တော်မှာ တိုင်းရင်းသားစာပေ သင်ကြားဖို့ အဆိုပြု တိုက်တွန်းခဲ့ပြီးနောက် အစိုးရက မူလတန်းကျောင်းတွေမှာ သင်ကြားခွင့် ပြန်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လာမယ့်ပညာသင်နှစ်မှာ အခြေခံပညာအောက်အဆင့်ဖြစ်တဲ့ သူငယ်တန်း၊ ပထမတန်းနဲ့ ဒုတိယတန်းတွေ ကို စတင်သင်ကြားမှာ ဖြစ်ပါတယ်။
ကနဦးပိုင်းက ကျောင်းသုံးစာအုပ်တွေမှာပါရှိတဲ့ သင်ခန်းစာတွေကို သက်ဆိုင်ရာ ဘာသာ စကားကို ပြောင်းလဲပြီး သင်ကြားဖို့ ဖြစ်ပေမယ့် မတူကွဲပြားတဲ့ ဓလေ့ထုံးစံတွေကြောင့် အကြောင်းအရာတွေကို ပြောင်းလဲတာတွေလည်း ရှိပါတယ်။
မွန်တိုင်းရင်းသားစာပေကို မွန်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းချိန်ပြင်ပ ဘာသာရပ် တခုအနေနဲ့ စသင်မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မွန်စာကို ကျောင်းချိန်ပြင်ပမှာ သင်ကြားဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုထားပြီး ဖြစ်သလို သူငယ်တန်း၊ ပထမတန်းနဲ့ ဒုတိယတန်း မွန်စာပေ သင်ရိုးညွှန်းတမ်းတွေကိုလည်း ဗဟိုအစိုးရဆီ ပို့ထားပြီးပြီလို့ ဆိုပါတယ်။
“သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းမှာ သင်နေတဲ့စာတွေကို ဗမာကနေ မွန်လိုပြန်ခိုင်းတယ်။ ကျနော် တို့ ပညာရှင်တွေ ကြိုးစားကြည့်တော့ မတူတဲ့ယဉ်ကျေးမှုနဲ့ အလေ့အထကြောင့် ပြန်ရတာ အတော် ခက်တယ်။ ခက်တော့ ကျနော်တို့ အကောင်းဆုံး စာအုပ်လေးတခုကို ပြန်ရှာတယ်။ အရင်ခေတ်တုန်းက နိုင်ငံတော်အစိုးရကပဲ ပြုစုထားတဲ့ စာအုပ်ရှိတယ်။
အဲဒါကို ရွေးချယ်ပြီး ပြည်ထောင်စုအစိုးရကို ဆက်ပို့ထားတယ်။ အကြမ်းဖျင်းသိတာကတော့ လာမယ့်
ကျောင်းဖွင့်ရက်ကနေ စပြီးသင်နိုင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိထားတယ်။ ”
ကျောင်းဖွင့်ရက်ကနေ စပြီးသင်နိုင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိထားတယ်။ ”
မြန်မာနိုင်ငံမှာ မြန်မာစာကို ရုံးသုံး၊ အင်္ဂလိပ်စာကို နိုင်ငံတကာသုံးစာအဖြစ် သင်ကြားပေးသလို ပြီးခဲ့တဲ့ နှစ်က လွှတ်တော်မှာ တိုင်းရင်းသားဘာသာစာပေတွေကိုလည်း ကျောင်းတွေမှာ သင်ကြားဖို့ ဆွေးနွေးပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
သင်ကြားမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားစာပေ သင်ရိုးညွှန်းတမ်းပြုစုသူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့အခြေစိုက် ဒွါရာဝတီ အရှင် ကုသလက လာမယ့်ပညာသင်နှစ်မှာ ဒုတိယတန်းအထိ စတင်သင်ကြားပြီး နောင်နှစ်ပိုင်းတွေမှာ တိုးချဲ့သွားမယ်လို့ မိန့်ကြားပါတယ်။
“ရခိုင်စာသင်ရိုးညွှန်တမ်းကို ရခိုင်သင်ပုန်းကြီးဖတ်စာ သူငယ်တန်းဟာ ၆ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၉ ရက်ဆို ပြီးသွားတယ်။ ၄ လပိုင်းမှာကျတော့ ၅-၆-၇ ရက်မှာ ပထမတန်းနဲ့ ဒုတိယတန်းကို ဆက် လက်ပြီး ပြုစုတယ်။ ဒီနှစ်စာသင်နှစ်အမီပေါ့။ အတန်းလေးတွေ ပြုစုပြီး နောက်နှစ်တွေမှာတော့ တတိယတန်းတို့၊ စတုတ္ထတန်းတို့ တိုးလာပါလိမ့်မယ်။”
ရှမ်းစာပေပညာရှင်များအဖွဲ့နဲ့ ရှမ်းစာပေ သင်ရိုညွှန်းတမ်းရေးဆွဲရေးကော်မတီဝင် ဒေါ် နန်းဝိုးဆိုင်က အစိုးရဆီိကို သင်ရိုးညွန်းတမ်း ဖေဖော်ဝါရီလက တင်ထားလိုက်ပြီး တစုံတရာ အကြောင်းမပြန် လာသေးဘူးလို့ ပြောပါတယ်။
“နိုင်ငံတော် သမ္မတဆီကိုလည်း ပို့ပြီးပြီ။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ပို့ပြီးပြီ။ ပညာရေး ၀န်ကြီးကိုလည်း ပို့ပြီးပြီ။ ရှိရှိသမျှ ရှမ်းစာပေယဉ်ကျေးမှုအသင်းတွေနဲ့ လူမှုရေးအသင်းဖွဲ့ တွရော၊ ငြိမ်းချမ်းရေး အဖွဲ့တွေရော ပို့ပြီးပြီ။ သူတို့ဆီက အကြောင်းပြန်ချက်ကို စောင့်နေတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတော့ အချိန်က မလုံလောက်ဘူး။ အဲတော့ ဒီလကုန်အထိလည်း ထပ်စောင့်ပေးပြီးရင် အဲဒါကို ပြန်စုစည်းပြီးတော့ အစည်းအဝေးထပ်ခေါ်မယ်လို့ ရည်မှန်းထားတယ်။”
ဒီနှစ် မတ် ၁ ရက်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက အခြေခံပညာမူလတန်းကျောင်းတွေမှာ တိုင်းရင်းသားဘာသာနဲ့ စာပေသင်ကြားနိုင်ဖို့အတွက် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီတဲ့ဆရာတွေကို ဦးစားပေး ခန့်အပ်သွားမယ်လို့ နေပြည်တော်က တိုင်းရင်းသားဘာသာစကား သင်ကြားရေးညှိနှိုင်းစည်းဝေးပွဲမှာ ပြောထားပြီးနောက် စတင်အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။
ဒီဗွီဘီ