Saturday, April 13, 2013

တန့်ယန်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ဒေသခံများအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက် ဘယ်တော့ဖြစ်မလဲ

0 comments



အေပြီ(၁၃)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့နှင့်အစိုးရတပ်တို့ မတ်လကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများမှာ နေရပ်သို့ အချို့ကပြန်သွားကြပြီဖြစ်သော်လည်း အချို့မှာ အောင်မင်္ဂလာ ဘုန်ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် ဆက်လက်နေထိုင်ရဆဲဖြစ်သည်ဟု သိရှိရသည်။
“သုံးဆယ်လောက်တော့ ဟိုတစ်နေ့ကပဲ နေရပ်ပြန်သွားကြပြီ။ ဒီဘုန်းကြီးကျောင်းမှာ လေးရာကျော်လောက် ကျန်တယ်။ သူတို့က ပြန်ဖို့မသေချာသေးဘူး။ ကိုယ့်ရွာပဲပြန်ချင်မှာပေါ့။ ခုချိန်က တောင်ယာလုပ်ချိန်လေ။ ဒါပေမယ့် တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် ရှမ်းစစ်တပ်နဲ့ အစိုးရအဖွဲ့က ထိထိရောက်ရောက် အပစ်အခတ်ရပ်ထားသေးတာ မဟုတ်တော့ ထပ် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် မပြန်ရဲကြသေးတာပါ”ဟု ကယ်ဆယ်ရေးစခန်းမှ မိုင်းကောင်းရွာသားတစ်ဦးက ပြောပြသည်။
“ကျွန်တော်က မိုင်းကောင်းမှာ တာဝန်ကျဖူးတဲ့ မူလတန်းပြဆရာအငြိမ်းစားပါ။ မနှစ်ကမှ ပင်စင်ယူလိုက်တာ။ ကလေးတွေ ရဲ့ပညာရေးအတွက် စိတ်ပူတယ်။ သင်္ကြန်ကျော်ရင် အောင်စာရင်းတွေထွက်တော့မယ်။ အဲ့ဒီမှာစာသင်ရတဲ့ ဆရာ၊ ဆရာမ တွေဆိုရင် အမြဲတမ်းထိပ်လန့်နေရတာ။ SSA အဖွဲ့တွေက ရွာထဲကို နေ့တိုင်းလိုလို လာတက်ကြပါတယ်။ အဲဒီ အနီး ပတ်ဝန်းကျင်ရွာတွေကဆိုရင်၁၅ ရက်တစ်ကြိမ် SSA အဖွဲ့ကို ၀က်တစ်ကောင် ဒါမှမဟုတ် နွားတစ်ကောင် ပေးရတယ်။ ဆေးလိပ်၊ အရက်ကအစ ဆီလည်းပေးရတယ်။ လူသစ်လာစုရင် ရွာထဲက လူငယ်တွေမြို့ပေါ်တက်ပြီး ပုန်းနေရတာ။ အခုလိုတိုက်ပွဲတွေဖြစ်နေတော့ ရွာသူရွာသားတွေလည်း ဘားမှလုပ်ကိုင်စားလို့မရတော့ဘူး။ SSA အဖွဲ့ရဲ့ တောင်းရမ်း အနိုင်ကျင့်မှုတွေကို မခံရရင်တော့ကောင်းတာပေါ့။ သူတို့ဒေသခံတွေရဲ့ဘ၀ဟာ တကယ်သနားစရာ ကောင်းတာ ပါဗျာ” ဟု တန့်ယန်းမြို့ပေါ်မှ အငြိမ်းစားကျောင်းဆရာတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တန့်ယန်းမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ပြည်သူများ စားဝတ်နေရေးအတွက် လိုအပ်ချက်များ ရှိနေပြီး ရေရှည်အတွက် အေးချမ်းသောလူနေမှုဘ၀ကို ရရှိရန် လိုလားလျက်ရှိကြောင်း ဒေသခံများလိုချင်သော ငြိမ်းချမ်းရေးမျှော်လင့်ချက်ဘယ် တော့ဖြစ်မလဲဆိုတာ မရေရာမသေချာသေးကြောင်း ဒေသခံများ၏ ရင်ဖွင့်ပြောပြချက်များအရ သိရှိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here