Thursday, April 4, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ညစာစားပွဲ ကျင်းပမည်

0 comments
ဧပြီ(၄)
၆၆ နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်း အမှတ် ညစာစားပွဲမှ ဓာတ်ပုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ညစာစားပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားကြောင်း ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဧပြီလ ၃ ရက်က Eleven Media Group သို့ ပြောသည်။

အဆိုပါ ညစာစားပွဲကို ဧပြီလ ၁၀ ရက် ည ၆ နာရီ မိနစ် ၃၀ တွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာများသို့ ဖိတ်စာများ ပေးပို့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ထာဝရ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ပြုနိုင်ဖို့ အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မျက်နှာစုံညီ တွေ့ဆုံဖို့နဲ့ ချစ်ချစ်ခင်ခင်နဲ့ ညစာစားနိုင်အောင်လို့ အခုလို စီစဉ်တာပါ။ ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား ပွင့်လင်းလူ့အဖွဲ့အစည်းကိုလည်း ဖိတ်ကြားထားပါတယ်" ဟု ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။

ထို့ပြင် ယင်းနေ့တွင် ကယန်းအမျိုးသားနေ့ကို ရှမ်းပြည်နယ် ပင်လောင်းမြို့ လုံးကဲရွာတွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လူထုအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကယန်းအမျိုးသားနေ့ကို နှစ်စဉ် ဧပြီလ ၁၀ ရက်နေ့တွင် ကယန်းလူမျိုးများရှိရာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အလှည့်ကျ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး နေပြည်တော် ပျဉ်းမနားမြို့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။

ကယန်း လူမျိုးများ၏ အစဉ်အလာများ ဆက်ခံရန်၊ ကယန်းလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရန်နှင့် အခြားတိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်ရန်၊ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ထွန်းရန်၊ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ပေါ်ထွန်းရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရန် စသည့်ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကယန်းအမျိုးသားနေ့ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here