Sunday, April 14, 2013

SSA(၀မ်ဟိုင်း)ဌာနချုပ်မှ သစ်ကားများ နေ့စဉ်ထွက်ခွာလျက်ရှိ

0 comments
ဧပြီ(၁၄)


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာရှိ SSA(၀မ်ဟိုင်း)ဌာနချုပ်မှ သစ်ကားများမှာ ဧပြီလ ပထမပတ်မှစပြီး နေ့စဉ်ထွက်ခွာသွားလာလျက်ရှိသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

“ကျွန်တော်တို့ စီးတဲ့ဘင်ကားတွေ မိုင်းရှူးကနေ လားရှိုးကိုသွားရင် ၀မ်ဟိုင်းရွာကို ဖြတ်ရတယ်၊ ရွာအ၀င်မှာတော့ ရှမ်းစစ်သားတွေက စစ်ဆေးမေးမြန်းတာတွေ လုပ်ပါတယ်၊ ရှမ်းစကားမပြောတတ်ရင်တော့ တော်တော် အရစ်ခံရတယ်ဗျ၊ အဲဒီရွာထဲမှာ သရီးဂဒေါင်းကားတွေ အများကြီး တွေ့နေတာပဲ၊ သစ်မလန်းတွေ တင်ထားတယ်၊ နေ့တိုင်း အနည်းဆုံး(၅)စီး လောက်တော့ ထွက်တယ်၊ ကျွန်တော်တို့ စီးတဲ့ဘင်ကားတွေနဲ့ လမ်းမှာ ခဏခဏရှောင်နေရတာပဲ၊ ၀မ်ဟိုင်းရွာကနေ တောလမ်းအတိုင်း သွားတာဗျ၊ တန့်ယန်းကိုရောက်အောင်ပို့တယ် တန့်ယန်းကနေတစ်ဆင့် ပန်ဆန်း၊ အဲဒီကနေ တရုတ်ပြည်ကို ပို့တယ်လို့ သိရတယ်” ဟု ခရီးသွားမိုင်းရှူးမြို့ခံ တစ်ဦးမှ ပြောပြသွားသည်။

တန့်ယန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ (SSPP/SSA) အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ တို့သည် လားရှိုးမြို့၌ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ 

အစိုးရအဖွဲ့နှင့် စစ်မှန်သော ငြိမ်းချမ်းရေး သဘောတူညီမှုများမရခင် ယခုကဲ့သို့ နိုင်ငံတော်ပိုင် သစ်တောများမှ သစ်များအား ခုတ်ယူ၍ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းသည် SSA(၀မ်ဟိုင်း)၏ ကိုယ်ကျိုးတစ်ခုတည်းအတွက် ရှေ့ရှုလုပ်ဆောင်နေတယ်ဆိုတာကို ဒေသခံများမှ ထောက်ပြပြောဆို နေကြပြီဖြစ်သည်။

SSA(၀မ်ဟိုင်း)အဖွဲ့သည် မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်မြို့နယ်များအတွင်းရှိ သစ်များအား တရားမ၀င် ခုတ်ယူ ရောင်းချ နေသည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသခံပြည်သူများအနေဖြင့် SSA                   (၀မ်ဟိုင်း) ၏ စီးပွားရေးလုပ်ငန်းဖြစ်နေ၍ သစ်ခုတ်ယူခြင်းများကို မပြုလုပ်ရဲကြဘဲ သစ်ခုတ်သမားနေ့စား အလုပ်သမားဘ၀များဖြင့် ယနေ့တိုင် ရပ်တည်နေကြရဆဲ ဖြစ်သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ ရလဒ်ပေါ်မူတည်ပြီး ဒေသခံတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားဝင် လမ်းကြောင်းများဖြင့် သစ်လုပ်ငန်းများ လုပ်ချင်နေကြပြီ ဖြစ်ကြောင်း ဒေသခံများမှ ပြောပြခဲ့ကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here