ဇွန်လ ၈ ရက်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ပေးအပ်လှူဒါန်းသော ဗုဒ္ဓမြတ်စွယ်တော်ပွား သုံးဆူအား ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲချိန်တွင် လားရှိုးမြို့အတွင်း လှည့်လည် အကြည်ညိုခံမည်ဖြစ်ကြောင်း လားရှိုးမြို့ရှိ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံကို လှူဒါန်းတဲ့ ဗုဒ္ဓမြတ်စွယ်တော်ပွား(၃)ဆူကို ဇွန်လ(၈)ရက်နေ့ နံနက်(၈)နာရီအချိန်မှာ တရုတ်ပြည်နယ်စပ် မူဆယ်မြို့ကနေ ပင့်ဆောင်လာပြီး၊ နေ့လည်ပိုင်းတွင် ကွတ်ခိုင်မြို့မှာ ခေတ္တအကြည်ညိုခံပါမယ်။ ပြီးတော့ လားရှိုးမြို့ကိုဆက်လက် ပင့်ဆောင်လာပါမယ်။ ကျွန်တော်တို့ လားရှိုးမြို့က ပြည်သူတွေနဲ့ တာဝန်ရှိသူတွေက ပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော်တွေကို ဟိုပိတ်ကျေးရွာ အေးရှားဝေါ(လ်) တိုးဂိတ်နားကနေ စောင့်ဆိုင်းကြိုဆိုပါမယ်”ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန၊ တွဲဖက် ပြည်နယ် ပြန်/ဆက်ဦးစီးမှူး ဦးဝေလင်း(လားရှိုး)က ပြောကြားသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဗုဒ္ဓမြတ်စွယ်တော်ပွား သုံးဆူသည် ဇွန်လ (၈)ရက်နေ့ညနေ အချိန်တွင် လားရှိုးမြို့အတွင်း လှည့်လည် အကြည်ညိုခံပြီး သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်အတွင်း တစ်ညတာ ကိန်းဝပ်စံပယ် ကာ ဇွန်လ (၉)ရက်နေ့ နံနက် အာရုဏ်တက်ချိန်တွင် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော နေပြည်တော်ရှိ ဥပ္ပန္ဒသန္ဒိသုခ စေတီတော်၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးတွင် ကိန်းဝပ် စံပယ်တော်မူရန် ဆက်လက်ကြွချီတော်မူမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
The Myanma Age
